The Life of Imam Ahmed Ibn Hanbal
December 15, 2011The Life of Imam Mohammad Ibn Idrees Al-SHAFI’I
December 15, 2011
Biography Of Imam Abu Ja’far Ibn Ali
December 15, 2011
The life of Imam Abu Hanifah
December 15, 2011
The Life of Junayd ibn al-Qaasim al-Baghdaadi
December 15, 2011
Muslims of France – Part II
December 13, 2011A century ago, they were called “colonials”; in the 1960s, they were known as “immigrants”; today, they are “citizens”.
Muslims of France – Part I
December 13, 2011
The Dangers of Innovations in Islam (Bid’ah)
December 12, 2011
ကျား၊ မအတူတကွရောနှော နေထိုင်လုပ်ကိုင်ခွင့်ပြု/ မပြု
December 13, 2010ဘီဂျေး ။ ။ အစ္စလာမ်၌ အလုပ်လုပ်သောနေရာများတွင် လိင်မတူသူများ ရောနှော လုပ်ကိုင်ခြင်းကို ခွင့်မပြုခြင်းသည် ခေတ်မီပါသေးလော (သို့) ခေတ်နောက်ကျနေပြီလော။
ဒေါက်တာဇာကိရိနိုက်(ခ်) ။ ။ ၎င်းမှ မေးမြန်းသည့် မေးခွန်းမှာ အစ္စလာမ်တွင် လိင်မတူသူများအား ရောနှော၍ အတူတကွ အလုပ် လုပ်ကိုင်ခြင်းကို ခွင့်မပြုပေ။ ဤအချက်သည် ခေတ်မီပါသေးသလော။ သို့မဟုတ် ခေတ်နောက်ကျနေပြီလော။ အသင့်အနေနှင့် ခေတ်မီခြင်းဆို သည်မှာ သင်၏အမျိုးသမီးများကို ရောင်းချရန်အတွက် ၎င်းတို့နှင့် ရောနှောဆက်ဆံ အတူနေထိုင်ခြင်းကို ခေါ်ဆိုနားလည်ထားသည်။ (သို့) အသင့်အနေနှင့် ၎င်းအမျိုးသမီးတို့ကို မော်ဒယ်သရုပ်ဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုစေခြင်းကို ခေတ်မီခြင်းဖြစ်သည်ဟု ဆိုလိုပါက အစ္စလာမ်သည် ခေတ်နောက်ကျနေပြီဟု ကျွန်ုပ်ခံစားမိပါသည်။
အနောက်တိုင်းမီဒီယာ၊ အနောက်တိုင်း ယဉ်ကျေးမှုများက ပြောကြားနေ သည်မှာ ၎င်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးများကို မြောက်များစွာပေးခဲ့သည်။ ၎င်းအမျိုးသမီးများ၏ ဂုဏ်သိက္ခာအဆင့်အတန်း ကျဆင်းမှုကို ဖယ်ရှား၍ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်တင်ပေးနေသည်။ စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုရှိတက္ကသိုလ်တွင် ပညာသင်ယူရန်သွားသူ၊ လုပ်ငန်းခွင်ဝင်ကြသူ၊ အမျိုးသမီးများ၏ (၅၀%)မှာ မုဒိန်းကျင့်ခံနေရသည်ဟု သိရှိရပါသည်။ ၅၀% တောင် မုဒိမ်းကျင့်ခံနေရခြင်းသည် အဘယ်ကြောင့်ဟု အသင် သိပါသလား။ အမေရိကန်၏ မြောက်များစွာသော လုပ်ငန်းခွင်များတွင် ကျားမရောနှောပြီး နေထိုင်လုပ်ကိုင်ရခြင်းကြောင့်ပင်။
အကယ်၍ အသင့်အနေနှင့် မိန်းမတစ်ယောက်သည် မုဒိမ်းကျင့်ခြင်းကို ခံသင့်သည်ဟု တွေးခေါ်ယူဆလျှင် အစ္စလာမ်သည် ခေတ်နောက်ကျနေချေပြီ။ အကယ်၍ မိန်းမတစ်ယောက်သည် ဆန့်ကျင်ဘက်လိင် ယောက်ျား၏ မုဒိမ်းကျင့် ခြင်းကို မခံသင့်ဘူးဆိုလျှင်တော့ အစ္စလာမ်သည် ခေတ်အမီဆုံးဖြစ်နေမည်။
အိဒဒ်ကာလပြီးသည့်နောက် အမျိုးသမီးအား စောင့်ရှောက်ရန်တာဝန်
December 13, 2010ကမားရ်စိုင်ယဒ် (အိုးအိမ်ဦးစီးဋ္ဌာန အတွင်းရေးမှူး) ။ ။ အသင်၏ နှစ်လိုဖွယ်ရာကောင်းသော စကားတွင်း၌ အသင်သည် ကွာရှင်းပြတ်စဲခြင်းခံရသော အမျိုးသမီးအား “အီဒဒ်”(စောင့်ဆိုင်း)ကာလအတွင်း၌ ၎င်း၏ခင်ပွန်းမှ ၎င်းအား ကျွေးမွေးထောက်ပံ့ရမည်ဟု ပြောကြားဖော်ပြခဲ့ပါသည်။ ထို့နောက် ယင်းမိန်းကလေးကို ၎င်း၏ မိဘများက ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းပေးရမည်ဟု ယူဆပါသည်။ ယင်းကဲ့သို့သောကိစ္စတွင် မိဘများမှ ထိန်းသိမ်းစောင့်ရှောက်ရန် မတတ်စွမ်း နိုင်ခဲ့သော် မည်သူမှ ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း။
ဒေါက်တာဇာကိရ် ။ ။ နှမတော်မှ မေးမြန်းသွားသော မေးခွန်းမှာ အလွန်ပင် ကောင်းလှပါသည်။ အမျိုးသမီးတစ်ယောက်သည် ကွာရှင်း ပြတ်စဲခြင်းခံရသည်လို့ ဆိုကြပါစို့။ ယင်းအမျိုးသမီး၏ အီဒဒ် (စောင့်ဆိုင်းကာလ) သုံးလ (သို့) ကလေး မီးဖွားပြီးသည့်တိုင်အောင် ၎င်းင်း၏ ခင်ပွန်းမှ ကျွေးမွေး ထောက်ပံ့၊ စောင့်ရှောက်ရပါမည်။ ၎င်းင်းနောက် သူမ၏ ခင်ပွန်း၏တာဝန်ဖြစ်တယ်လို့ ကျွန်ုပ်၏ ဟောပြောတင်ပြမှုတွင် ဖော်ပြခဲ့ခြင်းကို တောင်းပန်ပါရစေ။ ၎င်းင်းနောက် ယင်းအမျိုးသမီးအား ကြည့်ရှု စောင့်ရှောက်ရမည့်တာဝန်မှာ သူမ၏ ဖခင်(သို့) အစ်ကို၊ မောင်များ၏ တာဝန်ပင် ဖြစ်သည်။ အကယ်၍ သူမ၏ ဖခင်နှင့် အစ်ကို၊ မောင်များမှ သူမအား စောင့်ရှောက် နိုင်စွမ်း မရှိပါက သူမ၏ ဆွေမျိုးသားချင်းများသည် သူမအား စောင့်ရှောက်ရပါမည်။ သူမ၏ ဆွေမျိုးသားချင်းများမှ စောင့်ရှောက်နိုင်စွမ်းမရှိပါလျှင် သူမကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ မွတ်စလင်မ် အွမ္မသ်၏ တာဝန်ပင်ဖြစ်သွားပေသည်။
ထို့ကြောင့် (ယင်းကဲ့သို့သော ကိစ္စများဆောင်ရွက်ရန်) ကျွန်ုပ်တို့သည် အဖွဲ့အစည်းများဖွဲ့စည်းထားရန် လိုအပ်ပေသည်။ ဇကားသ်ရန်ပုံငွေများ ရရှိလာပါက ယင်းကဲ့သို့သော အမျိုးသမီးများကို စောင့်ရှောက်နိုင်ပေမည်။ ဤကဲ့သို့သော အလုပ် များကို မလုပ်နိုင်ခဲ့လျှင် ယင်းကဲ့သို့ အမျိုးသမီးများကို စောင့်ရှောက် ထိန်းသိမ်းရန်မှာ နောက်ဆုံးအနေနှင့် အစ္စလာမ်နိုင်ငံတော်၏တာဝန်ပင်ဖြစ်သည်။
အမျိုးသမီးများ၏ ပစ္စည်းပိုင်ဆိုင်ခွင့်
December 13, 2010စိုင်ယဒ်ရိယာဇ်။ ။ အတ်စ်လာမု အလိုင်ကွန်းမ်၊ အသင်ပြောဆိုခဲ့သကဲ့သို့ပင် အစ္စလာမ်တွင် အမျိုးသမီးနှင့် အမျိုးသားတန်းတူညီမျှမှုရှိသည်ကို ကျွန်ုပ်သိရှိပါသည်။ သို့ပါလျှက် အစ္စလာမ်တွင် အမျိုးသမီးများအား ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တူညီသောအခွင့်အရေးကို အဘယ်ကြောင့် ပေးမထားပါသနည်း။
ဒေါက်တာဇာကိရ်။ ။ ညီနောင်မှမေးသော မေးခွန်း၏အဖြေမှာ ကျွန်ုပ်၏ ဟောပြောမှု၌ ပါဝင်ပြီးဖြစ်ပါသည်။ အမျိုးသမီးနှင့် အမျိုးသားသည် စီးပွားရေး ဆိုင်ရာအခွင့်အရေးများတွင် တန်းတူညီသည်ဟု ကျွန်ုပ်မှတင်ပြခဲ့ပါသည်။ ထို့ကြောင့် အမွေဆက်ခံခြင်းတွင်လည်း အမျိုးသမီးများ၏ အခွင့်အရေးသည် အမျိုးသားများနှင့် သာတူညီမျှမှု ရှိသင့်သည်။ အမွေဆက်ခံမှုတွင် အမျိုးသမီးများ အဘယ်ကြောင့် အကျုံးမ၀င်ပါသနည်း။ သာမန်အားဖြင့် လူများက ပြောဆို ခဲ့သည်မှာ အမျိုးသားများ၏ ဝေစုဝေပုံ၏ တစ်ဝက်ကိုသာ အမျိုးသမီးများအနေနှင့် ရရှိပေသည်။ ယင်းမေးခွန်း ၏အဖြေကို ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၁၁)နှင့် (၁၂)တွင် ဖော်ပြထားပေသည်။ ထိုအာယသ်တော်များတွင် အစ္စလာမ့် နည်းကျ အမွေ မည်သို့မည်ပုံ ခွဲခြမ်းရမည်ကို တင်ပြထားပေသည်။
“(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား၊ အသင်တို့၏သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့)အမိန့် ပေးတော်မူလေသည်။ (သား) ယောက်ျားအတွက် (သမီး)မိန်းမ နှစ်ယောက်၏ ဝေစုဝေပုံနှင့် ထပ်တူထပ်မျှ(၀ါ) ယောက်ျားကလေး၏ ဝေစု ဝေပုံမှာ မိန်းကလေး ၏ဝေစုဝေပုံ၏ နှစ်ဆ ဖြစ်သည်။ တဖန် အကယ်၍ (သမီး)မိန်းမများသည် နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့ အတွက် (ကွယ်လွန် သူ) ထားရှိခဲ့သော(အမွေ)ပစ္စည်း၏ သုံးပုံနှစ်ပုံဖြစ်ပေသည်။ သို့ရာတွင် ယင်း(သမီး) မိန်းမသည် တဦးတည်းသာ ဖြစ်ခဲ့ပါမူ ၄င်း၏အဖို့ (ကွယ်လွန် သူထားရှိခဲ့သော အမွေပစ္စည်း၏) ထက်ဝက်ပင် ဖြစ်ချေသည်။ ၄င်းပြင် အကယ်၍ ယင်း (ကွယ်လွန်သူ)၌ သားသမီး တစုံတယောက် ရှိခဲ့ပါမူ ထို(ကွယ်လွန်)သူ၏ မိဘနှစ်ပါးတို့အနက် အသီးသီးတို့အတွက် (ကွယ်လွန်သူ၏ အမွေပစ္စည်းအနက်မှ) ခြောက်ပုံ တပုံစီဖြစ်၏။ သို့ရာတွင် အကယ်၍ ထို(ကွယ်လွန်)သူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိ၍ မိဘနှစ်ပါးတို့သည် (သာလျှင်) ယင်း (ကွယ်လွန်သူ၏ အမွေကို ဆက်ခံခဲ့ကြပါမူ သို့ဖြစ် လျှင် ၄င်း (ကွယ်လွန်သူ)၏ အမိအဘို့မှာ သုံးပုံတပုံဖြစ်သည်။ တဖန် (အကယ်၍) ယင်း(ကွယ်လွန်သူ)၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမ များလည်းရှိကြပါသော် ထို(ကွယ်လွန်)သူ၏ အမိအဘို့ မှာကား ခြောက်ပုံတပုံသာ ဖြစ်၏။ ၄င်းပြင် အသင်တို့အတွက် အကယ်၍သာ အသင်တို့၏ ဇနီးမိန်းမများ၌ သားသမီး တစုံ တယောက်မျှ မရှိခဲ့လျှင်၊ ထိုဇနီးမိန်းမများ ထားရှိခဲ့ကြ သော (အမွေ)ပစ္စည်း၏ ထက်ဝက်ပင်ဖြစ်သည်။ (သို့ဖြစ်ပေ ရာ ဤ အမွေခွဲတမ်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ (အသင်တို့၏ ကောင်းကျိုးကို ထောက်ထားကာ) ပြဋ္ဌာန်းပြီးဖြစ်သော တာဝန်တရပ် ပင်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်း တို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။
တဖန် အကယ်၍ ယင်းဇနီးမိန်းမတို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါမူ အသင်တို့ အတွက် ထိုဇနီးမိန်းမများ ထားရှိခဲ့ကြသော(အမွေ) ပစ္စည်းများအနက်မှ လေးပုံ တစ်ပုံသာ ဖြစ်ချေသည်။ (သို့ရာတွင် ၄င်းအမွေ ပစ္စည်းတို့ကို) ထိုဇနီးမိန်းမ များက မှာကြားခဲ့ကြသော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန် ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်၎င်း၊ (ထိုဇနီးသည်တို့အပေါ်ဝယ် တင်ရှိနေသော)ေ<ကးမြီများကိုဆပ်ပြီးနောက်တွင် လည်းကောင်း (ခွဲဝေရပေမည်)။ ၄င်းပြင် အကယ်၍ အသင်တို့၌ သားသမီး တစ်စုံတစ်ယောက် မရှိခဲ့ပါ လျှင်၊ အသင်တို့ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ၄င်းဇနီး မိန်းမတို့အတွက် လေးပုံ တစ်ပုံသည် ဖြစ်သည်။
တဖန် အကယ်၍ အသင်တို့၌ သားသမီး တစ်စုံတစ်ယောက် ရှိခဲ့ပါသော် ထိုဇနီးမိန်းမတို့ အတွက် အသင်တို့ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများ အနက်မှ ရှစ်ပုံတစ်ပုံ (သာ)ဖြစ်သည်။ (သို့ရာတွင် ယင်းအမွေပစ္စည်းတို့ကို) အသင်တို့မှာကြားခဲ့သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာ အရ ဆောင်ရွက်ရန်ကိစ္စများ)ကို ဆောင်ရွက်ပြီးနောက်၎င်း၊ (အသင်တို့အပေါ်ဝယ် တင်ရှိသော)ေ<ကးမြီကို ပေးဆပ်ပြီးနောက်၎င်း၊ ခွဲဝေရမည်။” ( ၄း ၁၂)
အတိုချုပ်အားဖြင့်ဆိုရသော် အချိန်ကာလအများစုတွင် အမျိုးသမီး၏ဝေစုမှာ အမျိုးသားဝေစုဝေပုံ၏ တစ်ဝက်သာ ရှိသည်။ သို့သော် အမှုကိစ္စ တိုင်းအတွက် မဟုတ်ပေ။
ဥပမာအားဖြင့် ကွယ်လွန်သူ သေဆုံးသူ၌ အထက်သို့ ဆန်တက်သော ဆွေမျိုးသားချင်း၊ အောက်သို့ စုန်ဆင်းသော ဆွေမျိုးသားချင်းများ မရှိခဲ့ပါက ထိုကွယ်လွန်သူ၏ ညီအစ်ကို မောင်နှမများမှာ တစ်ဦးလျှင် (၆)ပုံ၊ (၁)ပုံကျစီ ညီတူညီမျှ ရရှိပါမည်။ ကွယ်လွန်သေဆုံးသူ၌ ကလေးမရှိခဲ့လျှင် (ထိုကွယ်လွန်သူ၏) အဖေနှင့် အမေမှာ (၆)ပုံ (၁)ပုံကျစီ အညီအမျှရရှိပါမည်။ ထို့ပြင် ကလေးမရှိသော အမျိုးသမီး တစ်ဦးသည် သေဆုံးသွားပါက ၎င်းင်း၏ ခင်ပွန်းမှာ ပစ္စည်း၏ ဝေစုဝေပုံ၏ တစ်ဝက်၊ မိခင်မှာ သုံးပုံတစ်ပုံ၊ ဖခင်မှာ ခြောက်ပုံတစ်ပုံရရှိမည်။
ဤကဲ့သို့သော အမှုကိစ္စများတွင် မိခင်၏ ဝေစုဝေပုံ မှာ ဖခင်၏ ဝေစုဝေပုံထက် (၂)ဆများနေသောကြောင့် အမျိုးသမီး၏ ဝေစုဝေပုံသည် အမျိုးသား၏ ဝေစုဝေပုံထက် (၂)ဆ များနေသည်ဟု ဆိုလိုနိုင်ပေသည်။ သို့သော် များမြောင်စွာသော အမှုကိစ္စများတွင် သမီးနှင့်ဇနီးသည်တို့သည် အမျိုးသား၏ဝေစုဝေပုံ၏ တစ်ဝက်ကိုသာရရှိသည်ကို ကျွန်ုပ် အနေနှင့် အသင်နှင့် သဘောချင်းတိုက်ဆိုင်ပါသည်။ အကြောင်းမူကား အမျိုးသား များသည် အိမ်ထောင်၏ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဖြေရှင်း ရသောကြောင့် ဖြစ်ပေသည်။ ယောက်ျားများအား မတရားပြုမူဆက်ဆံရန် အမိန့်မပေး ထားပါ။ အလ္လာဟ်အရှင်မြတ်သည် အမျိုးသားများအား အမျိုးသမီးများထက်ပို၍ သာလွန်ခြင်းတစ်ရပ် ချီးမြင့်ထားပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် “အမျိုးသားများ၏အခွင့်အရေး”ဟူသော ကျွန်ုပ်၏ဟောပြောတင်ပြမှု၌ ကျွန်ုပ်တို့အနေနှင့် ယင်း ပြဿနာများ၏ အဖြေကိုရရှိပေလိမ့်မည်။
ကျွန်ုပ်အနေနှင့် ဥပမာတစ်ခုဆောင်ပြရပါလျှင် လူတစ်ယောက်သည် သေဆုံးသွားခဲ့သည်ဟု ဆိုကြပါစို့။ ထိုသူ သေဆုံးပြီးနောက် သားသမီး များကို ခွဲဝေပေးရန် ငွေ(၁)သိန်းခွဲ ကျန်ခဲ့သည်။ သူ့တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရှိနေသည်။ အစ္စလာမ့်ရှရီအတ် တရားဥပဒေအရ သားမှာ ရူပီ (၁)သိန်းရရှိပြီး၊ သမီးမှာမူ ရူပီ (၅)သောင်းရရှိပေလိမ့်မည်။ သို့သော် သားအနေနှင့် ရူပီ(၁)သိန်းကို လက်ခံရရှိပြီးနောက် ယင်းငွေဖြင့် မိသားစုအား အဓိကထား၍ ကြည့်ရှုစောင်မရပေမည်။ ထို့အတွက် ယင်းသို့ မိသားစု၏တာဝန်ကို ထမ်းဆောင်ခြင်း၊ သုံးစွဲခြင်းဖြင့် သား၏ငွေမှာ ရူပီ(၈၀၀၀၀) (သို့) (၁)သိန်းအထိ ကုန်သွားနိုင်ပေသည်။ သို့သော် အမျိုးသမီးမှာမူကား သူမလက်ခံရရှိသည့် ရူပီ(၅၀၀၀၀)ကို ၎င်းင်း၏ မိသားစုအား ကျွေးမွေးကြည့်ရှုစောင်မရာတွင် သုံးစွဲရန် မလိုပဲ သူမ၏ တစ်ဦးတည်းပိုင်ငွေပင် ဖြစ်ချေတော့သည်။
မြတ်တမန်တော်မုဟမ္မဒ်တွင် အဘယ်ကြောင့် ဇနီးကြင်ယာတော် (၁၁)ပါး ရှိရပါသနည်း။
December 13, 2010စမာရ်(ကျောင်းသား) ။ ။ အစ္စလာမ်သာသနာတွင် အရေအတွက်အားဖြင့် ယောက်ျား တစ်ယောက်အတွက် အမျိုးသမီး(၄)ဦးကိုသာ လက်ထပ် ထိမ်းမြားရန် အမြင့်ဆုံး သတ်မှတ်ထားပါသည်။ သို့သော် တမန်တော်မြတ် မုဟမ္မဒ်သခင်တွင် အဘယ်ကြောင့် ကြင်ယာတော် (၁၁)ပါးရှိနေပါ သနည်း။ (အချို့လူ့ဗာလများက) မြတ်တမန်တော်သည် အလွန်တဏှာကြီးသည်ဟု စောင်းမြောင်းပြောဆိုနေကြ ပေသည်။ (နအူဇု ဗိလ္လာဟ် မင်န်ဇာလိက်)
ဒေါက်တာဇာကိရ်နိုက်(ခ်) ။ ။ ညီနောင်မှ မေးသည့် မေးခွန်းမှာ – အစ္စလာမ် သာသနာတွင် ယောက်ျားတစ်ဦးအား အများဆုံးဇနီး(၄)ဦးအထိသာ လက်ထပ် ထိမ်းမြားနိုင်ခွင့် ပေးထားပေသည်။ မည်သည့်အကြောင်းကြောင့် မြတ်တမန်တော် မုဟမ္မဒ်၌ ကြင်ယာတော်(၁၁)ပါး ရှိနေခဲ့ ပါသနည်း။ ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃)တွင် “သင်သည် ဇနီး(၄)ယောက်အထိ လက်ထပ်နိုင်သည်”ဟုဖော်ပြပါရှိသော ကြောင့် အစ္စလာမ်သာသနာတွင် အမြင့်ဆုံး လက်ထပ်ထိမ်းမြားနိုင်သည့် အမျိုးသမီးအရေအတွက်မှာ(၄)ယောက်သာဖြစ်၍ဖော်ပြပါစကားနှင့် ပတ်သက်၍ အသင်နှင့် ကျွန်ုပ်သဘောချင်း တိုက်ဆိုင်ပါသည်။
သို့သော် ကျမ်းမြတ်ကုရ်အာန် ၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)တွင်- “ဤသည့်နောက်တွင် (အထက် ဖော်ပြပါ အင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့ တရားမ၀င်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိ ကြင်ရာများ၏အစား အခြား အမျိုးသမီးများကို ၄င်းတို့၏ လှပမှုသည် အသင့်အား နှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သော ကျွန်မများ ကိုမူကား (ပြောင်းလဲနိုင်ခွင့်၊ ယူပိုင်ခွင့်ရှိ၏)။” (၃၃း၅၂)
အထက်ပါ ကျမ်းမြတ်ကုရ်အာန်၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)အရ ဤအာယသ်တော်ကျရောက်သည့် အချိန်ထိ လက်ထပ်ထိမ်းမြားပြီးခဲ့သော ဇနီး ကြင်ယာတော်များမှ လွဲ၍ အခြားအမျိုးသမီးများကို လက်မထပ်နိုင်ပေ။ သို့သော် တမန်တော်မြတ်သခင် ပိုင်ဆိုင်သော ကျွန်မများကိုမူ ပြောင်းလဲ ယူပိုင်ခွင့်ရှိ၏။ အကယ်၍ မြတ်တမန်တော်မုဟမ္မဒ်အား အဘယ်ကြောင့် အခြားအမျိုးသမီးများနှင့်ထပ်၍ လက်ထပ်ထိမ်းမြားခွင့် မပေးခြင်းအကြောင်းအရင်းကို အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် မြတ်တမန်တော်အနေနှင့် ယင်းဇနီးကြင်ယာများကို ကွာရှင်းပြတ်စဲခြင်းမပြုနိုင်ကြောင်း တွေ့ရပေမည်။ အကြောင်းမူကား ကျမ်းမြတ် ကုရ်အာန်၌ အာယတ်တော်တစ်ပိုဒ်ထက်ပို၍ ဖော်ပြပါရှိသည်မှာ မြတ်တမန်တော်၏ ဇနီးကြင်ယာများအား ၎င်းတို့သည် ကွာရှင်းပြတ်စဲခြင်း ခံခဲ့ရသည်ဖြစ်စေ၊ မုဆိုးမများ ဖြစ်သွားခဲ့ကြသည်ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်မှ ယင်းတမန်တော်မြတ်၏ ဇနီးကြင်ယာတော်များကို လက်ထပ်ထိမ်းမြားခြင်းမပြုနိုင်ချေ။ အကြောင်းမူကား ယင်းဇနီးကြင်ယာတော်များသည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ မိခင်များပင်ဖြစ်ကြကုန်၏ဟု ဖော်ပြထားပါသည်။
ထို့ကြောင့် မြတ်တမန်တော်၏ ဇနီးကြင်ယာများကို မည်သူမျှထပ်ပြီး ထိမ်းမြားပိုင်ခွင့်မရှိချေ။ သဘာဝတရားအရလည်း မြတ်တမန်တော်သည် ဇနီးကြင်ယာတော်များကို ကွာရှင်းပြတ်စဲနိုင်ခြင်း မရှိခဲ့ချေ။ အကယ်၍ အသင့်အနေနှင့် မြတ်တမန်တော်သည် ဇနီးကြင်ယာတော်တစ်ပါးခြင်းအား လက်ထပ်ထိမ်းမြားခဲ့ရခြင်း၏ အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ကြည့်မည်ဆိုလျှင် ထိမ်းမြားလက်ထပ်ခဲ့မှု အားလုံးသည် လူမှုရေး ပြုပြင် ပြောင်းလဲမှု(သို့) နိုင်ငံရေး အသွင်သဏ္ဍာန် ပြုပြင် ပြောင်းလဲမှုတည်းဟူသော အကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းကို အသင့်အနေနှင့် လေ့လာ တွေ့ရှိနိုင်ပေသည်။ မြတ်တမန်တော်၏ လိင်စိတ်မပြည့်ဝမှုကြောင့် အလျဉ်း မဟုတ်ပေ။
ပထမဦးဆုံး ဘီဘီခတီဂျာဟ်သခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခဲ့လေသည်။ ထိုအချိန်တွင် သခင်မကြီး၏ သက်တော်မှာ (၄၀)ရှိ၍ ကိုယ်တော်မြတ်၏ သက်တော်မှာကား(၂၅)နှစ်သာ ရှိပေသေးသည်။ ထို့ပြင် သခင်မကြီးသည် နှစ်ကြိမ်တိုင်အောင် မုဆိုးမဖြစ်ခဲ့ပြီးဖြစ်သည်။ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ သင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာကြည့်လျှင် မြတ်တမန်တော် မုဟမ္မဒ်သခင်သည် ဘီဘီ ခတီဂျာဟ်သခင်မကြီး အသက်ထင်ရှားရှိနေစဉ် သက်တမ်းတစ်လျှောက်လုံး၌ မည်သည့် အခြားကြင်ယာတော် တစ်ဦးကိုမျှ လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိချေ။ ကိုယ်တော်မြတ်၏ သက်တော် (၅၀) နှစ်ရောက်ရှိသောအခါ ဘီဘီခတီဂျာဟ်သခင်မကြီးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားခဲ့လေသည်။ (အလ္လာဟ်အရှင်မြတ်၏ မဟာကရုဏာတော်သည် သခင်မကြီးနှင့် ကိုယ်တော်မြတ်၏ အဆွေတော်ဆွဟာဗဟ်များအပေါ်ဝယ် ကျရောက်တော်မူပါစေသော်။) ကိုယ်တော်မြတ်၏ သက်တော် (၅၀)ကျော်မှသာလျှင် အခြားကြင်ယာတော်များနှင့် လက်ထပ် ထိမ်းမြားခဲ့ပေသည်။
စာရှုသူ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ မြတ်တမန်တော်၌ လိင်စိတ်ပြင်းပြ နေသည်ဆိုလျှင် ကိုယ်တော်သည် နုပျိုသော အသက်အရွယ်အချိန်တွင် လက်ထပ် ထိမ်းမြားခဲ့ပေလိမ့်မည်။ သိပ္ပံပညာမှ ကျွန်ုပ်တို့အားပြောဆိုနေသည်မှာ “လူတစ်ယောက်သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ၏လိင်စိတ်သည် လျော့နည်းလာသည်။” ယင်းစကားရပ်များသည် မြတ်တမန်တော်အပေါ်၌ (လီဆည် ဖန်တီး၍) စောင်းမြောင်းပြောဆိုခြင်း ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ လက်ထပ်ထိမ်းမြားမှုများအနက် ဘီဘီခတီဂျာဟ်နှင့် ဘီဘီအာအိရှာဟ် သခင်မကြီးတို့ (၂)ဦးနှင့် သာလျှင် သာမန်အခြေအနေအရ လက်ထပ်ထိမ်းမြားခဲ့လေသည်။ အခြားလက်ထပ်ထိမ်းမြားမှုများအားလုံးသည် လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု(သို့) နိုင်ငံရေးကောင်းကျိုးအတွက်သာလျှင် အခြေအနေအရ လက်ထပ် ထိမ်းမြားခဲ့ရပေသည်။
အကယ်၍ အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် ကြင်ယာတော်(၂)ဦးသာလျှင် အသက် (၃၆)နှစ် အောက်ငယ်သည်ကို တွေ့ရပေမည်။ ကျန်ရှိသော ကြင်ယာတော်များအားလုံးသည် အသက် (၃၆)နှစ်မှ (၅၀) အတွင်းရှိ ပေသည်။ ကျွန်ုပ်အနေနှင့် လက်ထပ်ထိမ်းမြားမှုအသီးသီး၌ အကြောင်းရင်းများ ရှိကြောင်း သင့်အား ဥပမာ ပေးနိုင်ပါသည်။
ဥပမာအားဖြင့် ဘီဘီဂျိုဝိုင်ရီယာသခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခြင်း ဖြစ်သည်။ သခင်မကြီးသည် အလွန် အင်အားကြီးမားသော ဗနုမွတ်ဆ်ွတွလစ်က် မျိုးနွယ်မှဖြစ်သည်။ အစ္စလာမ်ပေါ်ထွန်းလာပြီး အချိန်ကာလတစ်ခု ကြာလတ်သော် (ယင်းတို့၏ ဖီဆန်ပုန်ကန် သူပုန်ထကြွမှုကြောင့်) အစ္စလာမ့်တပ်မတော်မှ ၎င်းမျိုးနွယ်များကို တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထို့နောက် မြတ်တမန်တော်သည် (ဘီဘီ ဂျိုဝိုင်ရီယာသခင်မကြီးအား လက်ထပ် ထိမ်းမြား ခဲ့သည်။ ယင်းသို့ လက်ထပ်ထိမ်းမြားပြီးနောက် ဆွဟာဗာဟ်ကြီးများက “ကျွန်ုပ်တို့သည် မဟာတမန်တော်မြတ်ကြီး၏ ဆွေမျိုးသားချင်းများအားကျွန်များအဖြစ် အဘယ်ကဲ့သို့ ထားရှိရပါမည်နည်း”ဟု ပြောဆိုခဲ့ပြီး ယင်းမျိုးနွယ်ဝင် ပုဂ္ဂိုလ်များအား ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သည်။ ယင်းကဲ့သို့ ကျွန်ဘ၀မှ လွှတ်မြောက်ပြီးသည့်နောက် ၎င်းင်းမျိုးနွယ်ဝင်များသည် မွတ်စ်လင်မ်များနှင့် မိတ်ဆွေရင်းများ ဖြစ်လာခဲ့သည်။
အခြားဥပမာတစ်ခုကား နဂျဒ်မျိုးနွယ် အကြီးအကဲ၏ ဇနီး၏ ညီအစ်မတော်ဖြစ်သူ ဘီဘီမိုင်မွန်နဟ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ခြင်းပင်ဖြစ်သည်။ ယင်းနဂျဒ်မျိုးနွယ်သည် အစ္စလာမ့်ကိုယ်စားလှယ်အဖွဲ့ဝင် ပုဂ္ဂိုလ်(၇၀)ကျော်အား သတ်ဖြတ်ခဲ့လေသည်။ မြတ်တမန်တော်မုဟမ္မဒ်မှ သခင်မကြီး (ဘီဘီမိုင်မွန်နဟ်)အား လက်ထပ် ထိမ်းမြားပြီးသောအခါ၌ ယင်းမျိုးနွယ်ဝင်များသည် မဒီနာဟ်မြို့တော်အား သူတို့၏ အမိဋ္ဌာနချုပ်အဖြစ် လက်ခံခဲ့သလို မြတ်တမန်တော်အားလည်း သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြပေသည်။
ထို့ကြောင့် ကိုယ်တော်မြတ်၏ ပြုလုပ်ခဲ့သမျှသော လက်ထပ် ထိမ်းမြားမှုတိုင်းသည် လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ အချို့အကြောင်းရင်း တို့ကြောင့်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ မက္ကာဟ်မြို့တော်၏ အကြီးအကဲ အဗူဆုဖ်ယာန်၏သမီးတော် အွမ္မိဟဗီဗဟ်သခင်မကြီးအား ကိုယ်တော်မြတ်သည် လက်ထပ်ထိမ်းမြားမှုပြုခဲ့သည်။ ယင်းကဲ့သို့ လက်ထပ် ထိမ်းမြားခြင်းသည် မက္ကဟ်မြို့တော်ကို ပြန်လည် အောင်နိုင်ခြင်းအတွက် အလွန် အရေးပါလေသည်။ အခြားဥပမာတစ်ခုမှာကား၊ အင်အား ကြီးမားသော ဂျူးခေါင်းဆောင်၏သမီးဖြစ်သော ဆွဖီယာသခင်မကြီးပင်ဖြစ်သည်။ ကိုယ်တော်မြတ်သည် ဆွဖီယာသခင်မကြီးအား လက်ထပ်ထိမ်းမြားပြီးနောက် ဂျူးများသည် မွတ်စလင်မ်များနှင့် မိတ်ဆွေရင်းချာများ ဖြစ်လာခဲ့လေသည်။
အကယ်၍အသင်သည် လက်ထပ်ထိမ်းမြားမှုအားလုံးကို ဆန်းစစ်ကြည့်လျှင် အချို့သော လူမှုရေးပြုပြင်မှုများ ရှိပေသည်။ ဆွဟာဗဟ်(တမန်တော်၏ အဆွေတော်) များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ပွင့်လင်းလာအောင် ဟဇရသ်အုမရ်သခင်၏ သမီးတော် ဟဖ်ဆွာဟ် သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့လေသည်။ လူမှုပြုပြင် ပြောင်းလဲမှုအဖြစ် ကိုယ်တော်မြတ်သည် ၎င်းင်း၏ နှမတစ်ဝမ်းကွဲ၊ သွလားက်ကွာရှင်း ပြတ်စဲခြင်းခံရသော ဇိုင်နာဗ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ပေသည်။
လက်ထပ်ထိမ်းမြားမှုအားလုံးသည် နိုင်ငံရေးအကြောင်းရင်း(သို့) လူမှုပြုပြင် ပြောင်းလဲမှုကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် ကိုယ်တော်မြတ်၏ လက်ထပ် ထိမ်းမြားမှုဟူသမျှသည် လူ့ဘောင်၊ လူ့အသိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်ဟူသောအချက်ပေါ်တွင် အခြေခံသည်။ လိင်မှုကိစ္စအတွက် သက်သက်သာလက်ထပ်ထိမ်းမြားခဲ့ခြင်းမဟုတ်ချေ။
ဤနေရာ၌ စာရှုသူများ၏ အကျိုးငှာရည်ရွယ်၍ ကျွန်ုပ်တို့၏ ချစ်လှစွာသော မြတ်တမန်တော် မုဟမ္မဒ်သခင်၏ ဇနီးကြင်ယာတော်(၁၁)ပါး၏ အထ္ထုပ္ပတ္တိအကျဉ်းချုပ်ကို တင်ပြပါအံ့။
၁။ ခတီဂျဟ် ဗင်းန်သေ့ခူဝိုင်လစ်ဒ်
တမန်တော်မြတ်ကြီး(မ) မဒီနာမြို့တော်သို့ ဟစ်ဂျရတ် (ရွှေ့ပြောင်း နေထိုင်မှု)မပြုမီက တမန်တော်မြတ်၏ အိမ်တော်တွင် တမန်တော်မြတ် ကိုယ်တိုင်နှင့် သူ၏ဇနီးခတီဂျဟ် ဗင်းန်သေ့ ခူဝိုင်လစ်ဒ်တို့သာ ပါဝင်ခဲ့ကြသည်။ သူတို့နှစ်ဦးလက်ထပ်စဉ်အခါက တမန်တော်မြတ်မှာ သက်တော် (၂၅)နှစ်၊ ခတီဂျာဟ် သခင်မမှာ သက်တော်နှစ်(၄၀)ရှိခဲ့သည်။ ခတီဂျာဟ် သခင်မကြီးသည် တမန်တော်မြတ်၏ ပထမဦးဆုံး ထိမ်းမြားလက်ထပ်ခဲ့သည့် အမျိုးသမီး ဖြစ်သည်။ သခင်မကြီး ကွယ်လွန် သေဆုံးချိန်အထိ တမန်တော်မြတ်၏ တစ်ဦးတည်းသော ဇနီးကြင်ယာတော်ဖြစ်သည်။
သခင်မကြီးနှင့် သားများနှင့် သမီးများ ထွန်းကားခဲ့သည်။ သားတော်များမှာ ငယ်စဉ်တောင်ကျေးကလေးဘ၀၌ပင် ကွယ်လွန် ခဲ့ကြပေသည်။သမီးတော်များမှာဇိုင်နတ်(ဗ်)၊ ရူကိုင်ယာ၊ အွန်းမေ့ ကုလ်ဆွန်း(မ်)နှင့် ဖာသွေမာဟ် သခင်မတို့ ဖြစ်သည်။
ဇိုင်နတ်ဗ်သခင်မသည် ဟစ်ဂျရတ်မပြုမီ သူမ၏ မိခင်ဘက်မှ တစ်ဝမ်းကွဲအစ်ကိုတော်သူ အဗူ အလ်-အတ်(ဆွ်) ဗင်န်အလ်ရာဘီသခင်နှင့် လက်ထပ်ခဲ့သည်။ ရူကိုင်းယာဟ် သခင်မနှင့် အွန်းမေ့ကုလ်ဆွန်းမ်သခင်မတို့မှာ အုဆ်မန်း(န်)ဗင်န် အဖ္ဖန်း(န်)၏ ဇနီး ကြင်ယာများ ဖြစ်ခဲ့သည်။ (သခင်မှ ညီမတစ်ယောက် ကွယ်လွန်သောအခါ နောက်တစ်ယောက်ကို ဆက်၍ လက်ထပ်ခဲ့သည်။) ဖာသွေမာဟ်သခင်မမှာ အလီဗင်န်အဘီတွလစ်(ဗ်)နှင့်လက်ထပ်ခဲ့သည်။ ဖာသွေမာဟ်သခင်မကြီးနှင့် အလီသခင်တို့ လက်ထပ်ထိမ်းမြား သောကာလမှာ ဗဒရ်စစ်ပွဲနှင့် အုဟုဒ်စစ်ပွဲ၏ ကြားကာလဖြစ်သည်။ ဖာသွေမာဟ် သခင်မကြီးတွင် အီမာန်ဟာစန်နှင့် အီမာန်ဟူစိန်၊ ဇိုင်နဗ်နှင့် အွိမ္မိကုလ်ဆွန်း(မ်) စသည့် သားသမီးများ ထွန်းကားခဲ့သည်။
၂။ ဆောင်ဒါဟ် ဗင်းန်သေ့ ဇမ်အာဟ်
တမန်တော်မြတ်မှ သခင်မကြီးကို လက်ထပ်ခဲ့သောကာလမှာ နဗီဖြစ်ပြီး သက်တမ်း(၁၀)နှစ် အကြာ၊ ရှောင်ဝလ်လအတွင်း၌ ဖြစ်သည်။ ၎င်းင်းကာလမှ ခတီဂျာဟ် သခင်မကြီး ကွယ်လွန်ပြီး ရက်အနည်းငယ် ကြာသောကာလ ဖြစ်သည်။ တမန်တော်မြတ်နှင့် လက်မဆက်မှီ ဆောင်ဒါဟ်သခင်မကြီးသည် သခင်မကြီး၏ ဖခင်ဘက်မှ တ၀မ်းကွဲမောင်တော်သူ အစ်စက်ရာန်ဗင်န်အမရ်နှင့် လက်ထပ်ခဲ့ဖူးသည်။
၃။ အာအိရှာဟ် ဗင်းန်သေ့အဘူဘကရ်
သခင်မကြီးကို လက်ထပ်ခဲ့သော ကာလမှာ နဗီ သက်တမ်း ၏ “၁၁”နှစ်မြောက် ကာလဖြစ်သည်။ ဆောင်ဒါဟ်သခင်မကို လက်ထပ်ပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။ ထိုကာလသည် ဟစ်ဂျရတ်မပြုလုပ်မီ (၂)နှစ်နှင့်(၅)လ အလိုကာလ ဖြစ်ခဲ့သည်။ အာအိရှာ(ဟ်)သခင်မသည် တမန်တော်မြတ်နှင့် လက်ထပ်ထိမ်းမြားစဉ် ကာလက (၆)နှစ်သမီးသာ ရှိသေးသည်။ (အချို့ ပညာရှင်ကြီးများ၏အဆိုအရ “၁၆“ဖြစ်ပြီး၊ “၆” မဟုတ်ချေ။ အခန်းအပ်သည့်သက်တော်မှာလည်း “၁၉”နှစ်ဖြစ်ပြီး၊ “၉”နှစ်မဟုတ်ဟု အဆိုရှိပေသည်။ အမှန်ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူ၏။) တမန်တော်မြတ်သည် သခင်မကြီးကို လက်ထပ်သော်ငြားလည်း ဟစ်ဂျရတ်သ်လုပ်ပြီး (၇)လမြောက်ဖြစ်သော ရှောင်ဝလ်လအထိ သခင်မကြီးနှင့် လင်မယားအရာမမြောက်ခဲ့ပေ။ ဟစ်ဂျရတ် ပြုပြီး (၇)လနောက်ပိုင်း မဒီနာတွင်ရှိစဉ်ကာလ အာအိရှာဟ်သခင်မမှာ (၉)နှစ်သမီးအရွယ်ရောက်ရှိခဲ့သည်။တမန်တော်မြတ်၏ လက်ထပ်ခဲ့သော ဇနီကြင်ယာများအနက် တစ်ဦးတည်းသော အပျိုစင် ဖြစ်ခဲ့သည်။ဖန်ဆင်းခံများထဲ၌ တမန်တော်မြတ်၏ အချစ်မြတ်နိုးဆုံးသူတစ်ဦးလည်းဖြစ်သည်။ သခင်မကြီးသည် အမျိုးသမီးများအနက် ပညာအတတ်ဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံး ပညာရှင်နှင့် ဥပဒေသိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်သည်။
၎။ ဟဖ်ဆာဟ်ဗင်းန်သေ့ အုမရ်ဗင်န် အလ်ခတ်ွတွာ(ဗ်)
သခင်မကြီး၏ ပထမခင်ပွန်းမှာ ဗဒရ်နှင့် အုဟုဒ်စစ်ပွဲကြားကာလတွင် ကျဆုံးခဲ့သော သာသနာ့အာဇာနည် ခိုနိုင်းစ်ဗင်းန်ဟိုဇိုင်းဖဟ်အစ်စဟ်မီးဖြစ်သည်။ တမန်တော်မြတ်သည် သခင်မကြီးကို ဟစ်ဂျရတ်လုပ်ပြီး (၃)နှစ် အကြာတွင် လက်ထပ်ခဲ့သည်။
၅။ ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ခိုဇိုင်းမားဟ်
သခင်မကြီးသည် ဗနီဟိလားလ် ဗင်းန် အမီးရ် ဗင်စွအ်စွအ်ဟ်၏မျိုးနွယ် ဖြစ်ပြီး သခင်မကြီး၏ ကျော်ကြားသောနာမည်မှာ အွမွတ်လ်မဆာကီးန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇိုင်နတ်(ဗ်)သခင်မသည် မရှိဆင်းရဲသားများကို အလွန်သနားကြင်နာ၍ ဂရိုစိုက်သောကြောင့်ဖြစ်သည်။ သခင်မကြီးသည် အူဟုဒ် စစ်ပွဲအတွင်း ကျဆုံးခဲ့သော အဗ္ဗဒုလာဟ်ဗင်းန်ဂျာဟ်(ရှ်)(အ)၏ ဇနီးဖြစ်ခဲ့သည်။ တမန်တော်မှ သခင်မကြီးအား လက်ထပ်ခဲ့သော အချိန်ကာလမှာ ဟစ်ဂျရီ (၄)နှစ် မြောက်ကာလဖြစ်သည်။ သခင်မကြီးသည် တမန်တော်မြတ် (မ)နှင့် လက်ထပ်ပြီး (၂)လ (သို့) (၃)လ အကြာတွင် ကွယ်လွန် ခဲ့သည်။ အချို့သော စာအုပ် စာတမ်းများတွင် (၈)လအကြာတွင် အလ’ာဟ်အမိန့်ခံယူသည်ဟု ရေးသားထားသည်။
၆။ အွမ်းမေ့ စလ်မာဟ်ဟင်းန်ဒ် ဗင်းန်သေ့အဘီအွမ္မိုင်ယာဟ်
သခင်မကြီးသည် အဘူစလ်မာဟ်၏ ဇနီးဖြစ်ခဲ့၏။ အဘူစလ်မာဟ်သည် ဟစ်ဂျရီ(၄)ခုနှစ်၊ ဂျူမာဒွလ်အခိရ်တွင် သေဆုံးခဲ့သည်။ မြတ်တမန်တော်မှ ဟစ်ဂျရီ (၄)ခုနှစ်၊ရှောင်ဝလ်လတွင် သခင်မကြီးအား လက်ထပ် ထိမ်းမြားခဲ့သည်။
၇။ ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ဂျာဟ်(ရှ်)ဗင်းန်သေ့ ရိယတ်(ဘ်)
သခင်မကြီးသည် ဗနီအစတ်(ဒ်)ဘင်းန် ခိုဇိုင်မာဟ်မျိုးနွယ်မှဖြစ်ပြီး တမန်တော် မြတ်(မ)၏ ဖခင်ဘက်မှ နှမ၀မ်းကွဲတော်၏။ သခင်မကြီးသည် ဇိုက်ဒ်ဗင်န် ဟာရီဆဟ်၏ ဇနီးဖြစ်ခဲ့ပြီး ဇိုက်(ဒ်)သခင်မှာ တမန်တော်၏ မွေးစားသားသဖွယ်ဖြစ်သည်။ ဇိုက်ဒ်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မှ အာယသ်တော်တစ်ခု ချပေးခဲ့၏။
“တစ်စုံတရာ ကျပ်တည်းမှုမရှိရန် “ဇိုက်ဒ်”သည် ထိုမိန်းမအား အလိုမရှိတော့သည့် အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ ပေးတော်မူလိုက်၏။” (၃၃း၃၇)
သူမနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မှ မဟာမိတ်များကဏ္ဍ၏ ကျမ်းပိုဒ် အချို့ကို ချပေးတော်မူခဲ့သည်။ ယင်းအာယသ်တော်များမှာ သားသမီးမွေးစားခြင်း နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားထားသည့် ကျမ်းပိုဒ်များဖြစ်၏။ တမန် တော်မြတ်(မ)မှ သခင်မကြီးအား ဟစ်ဂျရီ (၅)ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။
၈။ ဂျိုဝိုင်ရီယာဟ် ဗင်းန်သေ့အလ် ဟာရီသ်
ဂျိုဝိုင်ရီယာ ဗင်းန်သေ့အလ်ဟာရီသ်သည် ခူဇာအဟ်မှ ဗနီမွတ်ဆ်ွတွလစ်က် မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ ဂျူဝိုင်ရီယာဟ်သခင်မသည် စစ်အတွင်း ဗနီမွတ်ဆွ် တွလစ်က်မျိုးနွယ်မှ မွတ်စလင်မ်တို့ထံ ရောက်ရှိလာသော “ဓါးစာခံ သုံ့ပန်း” ဖြစ်သည်။ သခင်မကြီးသည် ဆာဗစ်(သ်) ဗင်းန်ကိုင်းယစ်(စ်)ဗင်းန် ရှာမား(စ်)၏ လက်ဝယ် ရောက်ရှိလာခဲ့၏။ ထိုပုဂ္ဂိုလ်မှ သခင်မကြီးအတွက် လွတ်မြောက်ခြင်းဆိုင်ရာ သဘော တူညီချက်ကို ရေးသားစီစဉ်ပေးခဲ့သည်။ တမန်တော်မြတ်မုဟမ္မဒ်မှ သခင်မကြီးအတွက် ထိုသဘောတူညီချက်ကို လိုက်လျောခဲ့ပြီး သခင်မကြီးကို ဟစ်ဂျရီ (၆)ခုနှစ် ရှာအ်ဗန်လတွင် လက်ထပ် ထိမ်းမြားခဲ့သည်။
၉။ အွမ်းမေ့ဟဘီဘာဟ် ရမ်လာဟ် ဗင်းန်သေ့ အဘူစုဖ်ယန်း
သခင်မကြီးသည် အူဗိုင်ဒုလ္လာဟ်ဗင်းန်ဂျားဟ်ရှ်နှင့် လက်ထပ်ယူခဲ့သူတစ်ဦး ဖြစ်သည်။ သခင်မကြီးသည် ခင်ပွန်းသည်နှင့်အတူ အဗီစီးနီးယား (ယခု အီသီယိုပီယား)သို့ ပြောင်းရွှေ့သွားခဲ့၏။ အူဗိုင်ဒုလ္လာဟ်မှ အစ္စလာမ်ဘာသာကို စွန့်ပယ်ပြီး ခရစ်ယာန်ဘာသာအဖြစ် ခံယူသောအခါ သခင်မကြီးသည် ခရစ်ယာန်ဘာသာသို့ပြောင်းရန် ငြင်းဆန်ခဲ့ပြီး အစ္စလာမ်ပေါ်တွင် ခိုင်မြဲစွာရပ်တည် ခဲ့သည်။ အူဗိုင်ဒုလ္လာဟ်သည် အဘီစီးနီးယား (ယခုအီသီယိုးပီးယား) နိုင်ငံတွင် ကွယ်လွန်သေဆုံးခဲ့သည်။တမန်တော်မြတ်မှ အမရ် ဘင်န်အုမိုင်ယာဟ် အလ်သွာမ်ရီသခင်အား သ၀ဏ်လွှာနှင့်အတူ ဘုရင်နဂျာရှီ ဘုရင်မင်းမြတ်ထံသို့ စေလွှတ်ခဲ့၏။ ထိုစာလွှာတွင် အွမ်းမေ့ဟဘီဘာဟ်ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ အချိန်ကာလမှာ မုဟရ်ရမ်လ ဖြစ်ပြီး ဟစ်ဂျရီ (၇)ခုနှစ်တွင် ဖြစ်သည်။ နဂျာရှီ ဘုရင်မင်းမြတ်မှ တမန်တော်မြတ်၏ တောင်းဆိုမှုကို လက်ခံ သဘောတူ ခဲ့ပြီး ရှုရာဟ်ဘီလ်ဘင်န် ဟာစနာဟ်သခင်နှင့်တကွ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
၁၀။ ဆွဖီယာဟ် ဗင်းန်သေ့ ဟိုင်ယု ဗင်းန် အခ်တွတ်ဗ်
သခင်မကြီးသည် အစ္စရာအီလ်(ဂျူး)မျိုးနွယ်မှဖြစ်သည်။ ခိုင်ဘာစစ်ပွဲတွင် ရရှိလာသော “ဓားစာခံ သုံ့ပန်း” တစ်ဦးလည်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်မြတ်(မ)သည် သူမကို ရွေးချယ်ခဲ့သည်။ သခင်မကြီးအား ဓားစာခံသုံ့ပန်းဘ၀မှ လွတ်မြောက်စေပြီး ခိုင်ဘရ်စစ်ပွဲအပြီးတွင် သခင်မကြီးကို ဟစ်ဂျရီ (၇)ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည်။
၁၁။ မိုင်မွန်နာဟ် ဗင်းန်သေ့ အလ် ဟာရီသ်
သခင်မကြီးသည် အွမွတ်လ် ဖဒလ်လုဘာဘာဟ် ဗင်းန်သေ့ အလ်ဟာရီသ်၏ ညီမတော်ဖြစ်သည်။တမန်တော်မြတ်မှ သခင်မကြီးအား ဟစ်ဂျရီ (၇)ခုနှစ်၊ ဇိလ်ကအ်ဒါဟ်လတွင် လက်ထပ်ထိမ်းမြားခဲ့သည်။ အွမ္မရာဟ် ကဒွါဟ် (အစားပြန်လည် ဖြည့်ဆည်းရသောအွမ္မရာဟ်)ကို ပြုလုပ်ပြီးသည့်နောက် လက်ထပ်ထိမ်းမြားခဲ့ကြောင်း မှန်ကန်သည့် ဆင့်ပြန်ချက်အရ သိရှိရသည်။
အစ္စလာမ်မှ သားသမီးမွေးစားခွင့်ပြု/ မပြု
December 5, 2010မုဟမ္မဒ်အရှ်ရဖ် ။ ။ အစ္စလာမ်သာသနာတွင် သားသမီးမွေးစားခြင်းကို ခွင့်ပြုထားပါသလား။
ဒေါက်တာဇာကိရ်။ ။ ညီနောင်မှမေးသည်မှာ “အစ္စလာမ်၌ သားသမီး မွေးစားခြင်းကို ခွင့်ပြုထားပါသလား။” အသင်အနေနှင့် သားသမီးမွေးစားခြင်းဆိုသည်မှာ “ဆင်းရဲနွမ်းပါးသော ကလေးတစ်ယောက်ကို အသင်၏ အိမ်သို့ခေါ်၍ ယင်းကလေးအတွက် ယာယီနေရာထိုင်ခင်း၊ စားသောက်စရိတ်၊ အ၀တ်အစားဆင်မြန်းပေးခြင်း”ဟု ဆိုလိုပါသလား။ ယင်းသို့ဆိုလိုလျှင် ထိုအချက်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အလေးအနက်ထား၍ ဖော်ပြထားပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဆင်းရဲသားများ၊ လိုအပ်လျှက်ရှိသောပုဂ္ဂိုလ်များကို ကူညီထောက်ပံ့မှုပြုပါလေဟု ဖော်ပြပါရှိပေသည်။ ကလေးတစ်ယောက်ကို အသင့်အိမ်သို့ခေါ်ဆောင်၍ ယင်းကလေးအား ဖခင်၏ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချစ်ခင် ယုယစွာ ဆက်ဆံနိုင်ပေသည်။
အစ္စလာမ့်သဘောအရ အသင့်အနေနှင့် ကလေးကို ဥပဒေအရ မွေးစားခြင်း မပြုနိုင်ပေ။ ယင်း(မွေးစားကလေး)ကို အသင့်အနေနှင့် အသင့်၏ နာမည်မပေးနိုင်ပေ။ ဥပဒေအရ သားသမီးမွေးစားခြင်းကို အစ္စလာမ်မှ တားမြစ်ထားခဲ့လေသည်။ အဘယ်ကြောင့်ပါနည်း။ အကြောင်းမူကား အကယ်၍ အသင့်အနေနှင့် ကလေးတစ်ယောက်ကို တရားဥပဒေနှင့်အညီ မွေးစားခဲ့မည်ဆိုပါလျှင် ယင်းကဲ့သို့ပြုခြင်းကြောင့် များစွာသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ပေသည်။ ပထမအချက်မှာ လူတစ်ယောက်အနေနှင့် ယောက်ျားကလေး (၀ါ) မိန်းကလေး တစ်ယောက်ယောက်ကို မွေးစားခဲ့မည်ဆိုလျှင် ၎င်းတို့၏ သီးခြားရပ်တည်နိုင်စွမ်း ပျောက်ဆုံးသွားပေလိမ့်မည်။
ဒုတိယအချက်မှာ ကလေးတစ်ယောက်မွေးစားပြီးနောက် အသင့်၌ ရင်သွေး တစ်ယောက် ရရှိခဲ့သည်ဆိုကြပါစို့။ အသင်၏ သက်တမ်းတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ အသင့်၌ ကလေးရရှိမည်မဟုတ်ဟု မည်သူမျှ မပြောဆိုနိုင်ပေ။ အသင့်၌ အသင့်ရင်သွေးရှိမည်ဆိုလျှင် မွေးစားကလေးထက် ပို၍ အသင့်ကလေး (ရင်သွေး)ကို မျက်နှာသာပေးခြင်းဖြင့် ဘက်လိုက်မှု ပြုပေလိမ့်မည်။ တတိယအချက်မှာကား အသင် မွေးဖွားခဲ့သော သင့်ရင်သွေးသည် မွေးစားကလေးနှင့် ဆန့်ကျင်ဘက်လိင်ဖြစ်မည်ဆိုပါက ၎င်းတို့သည် တစ်မိုးထဲအောက်၌ လွတ်လပ်စွာ နေထိုင်၍ ရမည်မဟုတ်ပေ။ အကြောင်းမူကား ၎င်းတို့သည် သွေးရင်းသားရင်း မောင်နှမအရင်းအချာများ မဟုတ်ခြင်းကြောင့်ပင်တည်း။
အကယ်၍ မွေးစားကလေးသည် မိန်းကလေးဖြစ်မည် ဆိုပါလျှင် သူမကြီးပြင်းလာသောအခါ “ဟိဂျာဗ်” လိုပေလိမ့်မည်။ သူမခေါ်ဆိုနေသောအဖေသည် စင်စစ် သူမ၏ မွေးဖခင် မဟုတ်ချေ။ အကယ်၍ မွေးစားကလေးသည် ယောက်ျား ကလေးဖြစ်မည်။ ၎င်းနောက် ယင်းယောက်ျားကလေးသည် လူလားမြောက် အရွယ်ရောက်သောအခါ အိမ်ထောင်ပြုမည်။ ဤနေရာတွင်လည်း အဖေဟုခေါ်ဆိုနေသော အသင်နှင့် အသင့်ချွေးမ၏အကြားတွင် ဟိဂျာဗ်လိုပေသည်။ နောက်ထပ်လည်း အကြောင်းပြချက်များစွာ ရှိပေသေးသည်။ အကယ်၍ အသင့်၌ မွေးစားကလေး တစ်ယောက်ရှိမည်ဆိုလျှင် အသင်သည် ဆွေမျိုးသားချင်းများ၏ အခွင့်အရေးများကို ပိတ်ပင် တားဆီးရာ ရောက်နေပေလိမ့်မည်။
လူတစ်ယောက်သေဆုံးပြီးသည့်နောက် သူ၏ ကျန်ရှိပစ္စည်းများကို ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြပါရှိသည့်အတိုင်း ခွဲဝေရမည်။ လူတစ်ယောက်တွင် (မိမိ၏သွေးရင်း) ကလေးတစ်ယောက်နှင့် မွေးစားကလေးတစ်ယောက်ရှိနေမည်ဆိုလျှင် သူ၏ ရင်သွေး ရသင့်ရထိုက်သော ဝေစုဝေပုံကို ပိတ်ပင်ရာရောက်နေပေလိမ့်မည်။ လူပုဂ္ဂိုလ်တစ်ယောက်သည် သေဆုံးသွားမည်။ သူ့တွင် ကလေးတစ်ယောက်ရှိနေမည် ဆိုလျှင် သူ၏ဇနီးသည် ကျန်ရှိပစ္စည်းမှ သူမရသင့်သော ဝေစုဝေပုံ၊ တစ်ဝက်တိတိကို ရရှိမည်။ အကယ်၍ သူ့တွင် ကလေးမရှိခဲ့လျှင် တစ်ဝက်ဝေစုဝေပုံတွင် သေဆုံးသူ၏ မိခင်လည်း ပါဝင်ပေမည်။ ကလေးရှိလျှင် (ခြောက်ပုံတစ်ပုံ)ကို ရရှိပြီး၊ ကလေးမရှိပါက သူမသည် (သုံးပုံတစ်ပုံ)ကို ရရှိပေမည်။ အကယ်၍ အသင်သည် ကလေးတစ်ယောက် ကို မွေးစားခဲ့မည်ဆိုလျှင် သင့်မိခင်၏ ဝေစုဝေပုံကို တားဆီးရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ယင်းကဲ့သို့ အရှုပ်အထွေးများမှ တားဆီးရန်အလို့ငှာ တရားဥပဒေအရ သားသမီးမွေးစားခြင်းကို အစ္စလာမ်မှ တားမြစ်ထားရခြင်းဖြစ်ပါသည်။
သောင်ဟီးဒ်သစ္စာတရားပေါ်၌ မြဲမြံစွာရပ်တည်ခြင်းနှင့် ခေတ်သစ်ဘ၀တည်ဆောက်ရေး
February 13, 2010
အလွန်တရာသနားကြင်နာညှာတာတော်မူသော၊ အနန္တဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါအံ့။
ချီးမွမ်းခြင်းထောပနာဟူသမျှသည် စကြာဝဠာအနန္တကို မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့် ဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှသာလျှင် အကူအညီရရန် တောင်းခံအပ်ပါသည်။ ထို့ပြင် ထိုအရှင်မြတ်၏ ထံတော်ပါး၌သာလျှင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် တောင်းခံအပ်ပါသည်။ ထိုအရှင်မြတ်ကိုသာလျှင် ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အပေါ်၌သာလျှင် ယုံပုံ ကိုးစားကြပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအားဖြင့်လည်းကောင်း၊ စိတ်အကြံအစည်အားဖြင့်လည်းကောင်း ကျူးလွန်မိသောအပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် အရှင်မြတ်၏ထံတော်ပါး၌ ခိုလှုံပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြင် မည်သူ တစ်ဦးတစ်ယောက်ကိုမဆို လမ်းမှန်သို့ ညွှန်ပြတော်မူပါလျှင် မည်သူမျှ လမ်းမှားအောင် ပြုနိုင်စွမ်းမရှိပါ။ ထို့အတူ အရှင်မြတ်သည် အကြင် မည်သူ တစ်ဦးတစ်ယောက်ကိုမဆို လမ်းမှား၌ ထားတော်မူပါလျှင် မည်သူမျှ ယင်းလမ်းမှားနေသူအား လမ်းမှန်ကို ညွှန်ပြနိုင်စွမ်းမရှိချေ။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားခ၀ပ် ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း၊ ထိုအရှင်မြတ်သည် တစ်ဆူတည်း၊ တစ်ပါးတည်းတည်ရှိတော်မူကြောင်းနှင့် ထိုအရှင်မြတ်နှင့် တန်းတူထား၍ မည်သည့်အရာမျှ ကိုးကွယ်ခြင်းခံယူထိုက်တော်တူသောအရှင် မရှိကြောင်းကို သက်သေခံအပ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ချစ်လှစွာသော နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏နောက်ဆုံးနဗီ၊ ရစူလ်တမန်တော်မြတ်ဖြစ်တော်မူကြောင်းကို သက်သေခံအပ်ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ကောင်းမြတ်လှသည့် မင်္ဂလာဟူသမျှသည် ကျွန်ုပ်တို့၏ ချစ်လှစွာသော နဗီတမန်တော်မြတ် မုဟမ္မဒ်သခင်၏အပေါ်၌ လည်းကောင်း၊ တမန်တော်မြတ်၏ ချစ်လှစွာသော အိမ်တော်သူ၊ အိမ်တော်သားများအပေါ်၌ လည်းကောင်း၊ မြတ်တမန်တော်နှင့်အတူ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သတ္တိပြောင်မြောက်စွာဖြင့် ကြံကြံခိုင်ရပ်တည်ခဲ့သော၊ အစ္စလာမ်အတွက် မိမိတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းများကို စွန့်လွတ် စွန့်စားခဲ့ကြသော ဆွဟာဗာဟ်သခင်ကြီးများ၊ ဆွဟာဗီသခင်မကြီးများ၏အပေါ်၌ လည်းကောင်း၊ မြတ်တမန်တော်ယူဆောင်လာသော ဟိဒါယဟ်လမ်းစဉ်ပေါ်တွင် ကိယာမဟ် ကမ္ဘာပျက်သုဉ်း နောက်ဆုံးနေ့တိုင်အောင် တည်ရှိမည့် ပုဂ္ဂိုလ်များ အပေါ်၌လည်းကောင်း ကျရောက်ပါစေသော်။
လူသုံးမျိုးသုံးစား
ကျွန်ုပ်သည် လူသားများကို သုံးမျိုး၊ သုံးစားခွဲခြား၍မြင်ပါတယ်။ ပထမတစ်မျိုးက ကိုးကွယ်ရာအရှင် အလ္လာဟ်ကို ရှိလို့ရှိမှန်းမသိကြသောသူများ၊ ဒုတိယအမျိုးအစားကတော့ ကိုးကွယ်ရာအရှင်အလ္လာဟ်ရှိမှန်းသိပေမဲ့ အခြား ကိုးကွယ်ရာများကို လွဲမှားယုံကြည် ကိုးကွယ်မိတဲ့အတွက်ကြောင့် ကိုးကွယ်ရာအရှင်ပျောက်နေကြသောသူများနှင့် တတိယအမျိုးအစားကတော့ ကိုကွယ်ရာအရှင်အလ္လာဟ်ကို ရှိမှန်းလည်းသိပြီး၊ ထိုအရှင်မြတ်ကို ဘ၀နာခံ တည်ဆောက်နေသူလို့ (၃)မျိုးခွဲပြီး မြင်ပါတယ်။ ကျွန်ုပ်တို့ မွတ်စလင်မ်များကတော့ တတိယအုပ်စုဝင်များဖြစ်တဲ့ အတွက် နဖူးစာကောင်းသောသူများ ဖြစ်ကြပါတယ်။
အလ်ဟမ်းဒုလိလ္လာဟ် ကျွန်ုပ် နိုင်ငံခြားသို့ရောက်ဖူးတာ ဒီနိုင်ငံနှင့်ဆိုလျှင် (၃)နိုင်ငံရှိပါပြီ။ နှစ်ရှည်၊ ကာလရှည် နေဖူးတာကတော့ မလေးရှားနိုင်ငံဟာ ဒုတိယအကြာဆုံးဆိုပါတော့။ ကမ္ဘာ့နိုင်ငံအသီးသီးက လူမျိုးအသီးသီးနဲ့ တွေ့ဆုံဖူးပါတယ်။ လူတွေတွေ့ဆုံကြလျှင် အခြားအုပ်စုတွေ ဘာသာဝင်တွေဟာ (ဥပမာ- ဥရောပသား၊ အာရှသား၊ အာဖရိကသား၊ အမေရိကန်) သူတို့စုံကြပြီဆိုလျှင် နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံ —- စသည့် အကြောင်းအရာများကို အများဆုံး ဆွေးနွေးကြပါတယ်။ သို့သော် ကျွန်ုပ်တို့ မွတ်စလင်မ်များ စုံကြပြီဆိုလျှင် စကားဝိုင်းမှာ အများဆုံးလွှမ်းမိုးတဲ့ အကြောင်းတရားက ဒီးန်အကြောင်း၊ အလ္လာဟ်၊ ရစူလ်အကြောင်းစသည်ဖြင့် ဒီးန်နှင့်ဆက်နွယ်တဲ့အကြောင်းတရားက အများဆုံးပါဘဲ။ ဒီအချက်ကိုက ကျွန်ုပ်တို့ မွတ်စလင်မ်တွေကို လူအများစိတ်ဝင်စားကြ၊ သတိထားကြ၊ အံ့သြကြရတဲ့ အကြောင်းတရားပါဘဲ။ ဒီနေရာမှာ စကားစပ်လို့ပြောရလျှင် ကျွန်ုပ်မိတ်ဆွေ ဗုဒ္ဓဘာသာဝင် ကျောင်းအုပ်ဆရာမကြီးတစ်ယောက်က ကျွန်ုပ်အား မေးဘူးပါတယ်။ မင်းနဲ့ မင်းရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေ့ရင် ဘာအကြောင်းပြောကြသလဲ။ အလ္လာဟ်အကြောင်း၊ ရစူလ်အကြောင်း၊ အစ္စလာမ်အကြောင်း ——– စသည်ဖြင့် ပြောတယ်ပေါ့။ ဒီစကားကို ဒီဆရာမကြီးက မှတ်မိနေတာ တစ်နေ့သူနှင့်အတူ သူ့မိတ်ဆွေတစ်ယောက်အိမ်ကိုသွားပြီး၊ ပြန်ထွက်လာတဲ့အခါ၊ ဒီအိမ်ကမိန်းမက နင်တို့ လို အလ္လာဟ်အကြောင်းမပြောဘဲ၊ ကြောင်အကြောင်း၊ ကြာအကြောင်း၊ အလှမွေးသိန်း (၂၀)တန် လပ်ကီးငါးအကြောင်း ပြောတယ်ဆိုပြီး မှတ်ချက်ချဘူးပါတယ်။
ဒီလို သာသနာ့ကိစ္စကို အမြဲတမ်းတက်ကြွစွာ ဆွေးနွေးတတ်ကြလို့လားတော့ မသိဘူး။ မွတ်စလင်မ်ဆိုလျှင် အခြေခံဝါဒီ ၊ အစ္စလာမ့် စစ်သွေးကြွ၊ အစွန်းရောက်စသည်ဖြင့် နာမည်အမျိုးစုံ တတ်ခံရပါတယ်။ အခြေခံဝါဒီဆိုတာက အယူအဆတစ်ရပ်၊ ၀ါဒတစ်ရပ်ရဲ့ အခြေခံသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်တွေကို နှစ်ခြိုက်လက်ခံကျင့်သုံးနေတဲ့သူတွေကိုခေါ်ပါတယ်။ အဲ့ဒီတော့ ဥပမာ-ခရစ်ယာန်သာသနာရဲ့ အခြေခံသဘောတရား၊ ယုံကြည်ချက် ခံယူချက်တွေကို နှစ်ခြိုက်လက်ခံကျင့်သုံးတဲ့သူကို ခရစ်ယာန်အခြေခံဝါဒီ၊ အစ္စလာမ်ရဲ့အခြေခံသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်တွေကို နှစ်ခြိုက်လက်ခံကျင့်သုံးတဲ့သူကို အစ္စလာမ်အခြေခံဝါဒီ၊ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်တွေကို နှစ်ခြိုက်လက်ခံကျင့်သုံးတဲ့သူကို ဗုဒ္ဓအခြေခံဝါဒီ၊ ဟိန္ဒူဘာသာရဲ့ အခြေခံသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်တွေကို နှစ်ခြိုက်လက်ခံ ကျင့်သုံးတဲ့သူကို ဟိန္ဒူအခြေခံဝါဒီလို့ ခေါ်ဆိုပါတယ်။ မွတ်စလင်မ်ကို အစ္စလာမ့် အခြေခံဝါဒီလို့ ခေါ်ခံရတာဟာ ဂုဏ်ယူစရာပါ။ လူတိုင်းဟာ မိမိတို့ ယုံကြည်ရာဝါဒ၊ သာသနာ၊ အယူအဆရဲ့ အခြေခံဝါဒီ မဖြစ်လျှင် ရှက်စရာ ကောင်းပါတယ်။
အခြားဘာသာဝင်တွေအနေနဲ့ ဘာသာရေးနှင့်ဆိုင်တဲ့ကိစ္စကိုပြောဘို့ သီးသန့်အချိန်၊ နေရာ၊ ပုဂ္ဂိုလ်သတ်မှတ်ထားပြီး၊ ခရစ်ယာန်ဆိုလျှင် ဘုရားရှိခိုးကျောင်း၊ ဟိန္ဒူဆိုလျှင်လည်း မန်ဒလ်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဆိုလျှင်လည်း ဘုန်းကြီးကျောင်းသွားပြီး၊ တရားဓမ္မဆွေးနွေးပါတယ်။ အချိန်ဆိုလျှင် ဥပုသ်နေ့၊ တနင်္ဂနွေနေ့၊ ဘုရားကျောင်းမှာ ရှိခိုးတဲ့နေ့စသည်ဖြင့်အချိန်သတ်မှတ်ထားသလို၊ ပုဂ္ဂိုလ်အရ ဘုန်းကြီး၊ တရားဟောဆရာ၊ ဓမ္မကထိက၊ ဆရာတော်တို့နှင့်သာ တရားစကား ပြောလေ့ရှိပါတယ်။
အစ္စလာမ်မှာတော့ ဒီးန်အကြောင်း၊ အလ္လာဟ်အကြောင်း၊ ရစူလ်အကြောင်းဟာ သာရေးလို့ခေါ်တဲ့ မင်္ဂလာဆောင်၊ အိမ်တက်၊ နာမည်ပေး ကင်ပွန်းတပ်၊ စေ့စပ်ကြောင်းလမ်းခြင်းနဲ့ နာရေးလို့ခေါ်တဲ့ လူမမာသွားကြည့်၊ အသုဘဂျနာဇာဟ် အခမ်းအနားစသည်ဖြင့် အားလုံးမှာ အလ္လာဟ်၊ ရစူလ်အကြောင်းပြောကြားကြပါယ်။ ဒီလို အထူးအခမ်းအနားတွေအပြင် ယုတ်စွအဆုံး လမ်းဘေး လဘက်ရည်ဆိုင်မှာ စုံလျှင်တောင် ဒီးန်အကြောင်း ပြောကြ၊ ဆွေးနွေးတတ်ကြတာ မွတ်စလင်မ်များရဲ့ ထူးခြားချက်ပါ။ ဘာကြောင့် မွတ်စလင်မ်များနဲ့ အခြားဘာသာဝင်တွေ ခြားနားနေရတာလဲ။ အဓိက ဇစ်မြစ်ကတော့ မွတ်စလင်မ်တွေ ယုံကြည်တဲ့အစ္စလာမ်ဟာ ဒီးန်လို့ ခေါ်ပြီး၊ အဲ့ဒီ ဒီးန်ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာသာရေး၊ သာသနာရေး (Religion) ဆိုတဲ့ စကားလုံးထက် ပိုကျယ်ဝန်းပါတယ်။ ဒီးန်ဆိုတဲ့ စကားလုံးမှာ အဓိပ္ပါယ် များစွာ ရှိပါတယ်။ အဲ့ဒီထဲက တစ်မျိုးကတော့ လူ့ဘ၀တည်ဆောက်ရေးလမ်းစဉ် (Way of Life)ဘဲ ဖြစ်ပါတယ်။ ဒီးန်ဆိုတဲ့စကားလုံးမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေးစသည်ဖြင့် လူသားနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စအားလုံး ပါဝင်ပါတယ်။
ဒါကြောင့် အစ္စလာမ်ရဲ့လမ်းညွှန် ကျမ်းမြတ်ကုရ်အာန်ကို လေ့လာကြည့်လျှင် သာသနာခေါ်အဆုံးအမအပြင် စား၊ ၀တ်၊ နေရေး၊ စီးပွားရေး၊ လူမူရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ဥပဒေရေးရာစသည်ဖြင့် အားလုံးသော လူ့ဘ၀တည်ဆောက်မူဆိုင်ရာ လိုအပ်ချက်ကို ကဏ္ဍအသီးသီးခွဲ၍လမ်းညွှန်ထားပါတယ်။
အစ္စလာမ်ရဲ့အဓိပ္ပါယ်က ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်။ မွတ်စလင်မ်ဆိုတာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို လိုက်နာခြင်းဖြင့် နာခံဘ၀တည်ဆောက်သော ငြိမ်းချမ်းရေးဝါဒီကို ခေါ်ပါတယ်။ အစ္စလာမ်ရဲ့ကိုးကွယ်ရာအရှင်က အလ္လာဟ်ပါ။ အလ္လာဟ်အရှင်ဟာ စကြာဝဠာအနန္တကို မရှိရာမှ ရှိရာဘ၀သို့ အဆင့်ဆင့်ပြုစု ပျိုးထောင် ထိန်းသိမ်း စောင့်ရှောက်တော်မူသော၊ တစ်ပါးတည်း တည်ရှိတော်မူသော ရဗ် (رب) ဖြစ်ပါတယ်။ အဲ့ဒီ အလ္လာဟ်အရှင်မြတ်ဟာ အနှိုင်းမဲ့ “၁” ပိုင်ရှင် ဖြစ်ပါတယ်။
အစ္စလာမ်က ယုံကြည်တဲ့ ကိုးကွယ်ရာအရှင်ကို အလ္လာဟ် လို့ခေါ်ပါတယ်။ အလ္လာဟ်ဆိုတဲ့အာရဗီစကားလုံးဟာ အီလာဟွန် (إله)ဆိုတဲ့စကားလုံးက ဖြစ်လာတာပါ။ အဓိပ္ပါယ် ခ၀ပ်ကိုးကွယ်ခြင်းဟူဟူသမျှကို ခံယူထိုက်တော်မူသောအရှင်လို့ အဓိပ္ပါယ် ရပါတယ်။ အစ္စလာမ်မှာ ကိုးကွယ်ရာအရှင်စစ် မစစ်၊ ကိုးကွယ်ခြင်းကို ခံယူထိုက်မထိုက်နဲ့ ပတ်သက်ပြီး တိုင်းတာတဲ့ စံနှုန်း (၄)ခု ရှိပါတယ်။ အဲ့ဒီစံနှုန်းတွေကို ကျမ်းမြတ်ကုရ်အာန်၊ စူရာအိခ်လားဆွ် (သဒ္ဓါတရားဖြူစင်ခြင်းကဏ္ဍ) မှာ ဖော်ပြထားပါတယ်။
အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်ရဲ့ကဏ္ဍမှာ ဖော်ပြထားတဲ့စံနှုန်း (၄)ချက်ကတော့
၁။ ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်း၊ တစ်ပါးတည်း တည်ရှိခြင်း
၂။ ကိုးကွယ်ရာအရှင်သည် လိုလားတောင့်တခြင်းလုံးဝ ကင်းစင်တော်မူခြင်း၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့အရှင်ဖြစ်ခြင်း
၃။ ကိုးကွယ်ရာအရှင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားခြင်းမရှိ၊ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုမျှလည်း မခံရချေ။
၎။ ကိုးကွယ်ရာအရှင်သည် သူနှင့်ဂုဏ်ရည်တူသူ လုံးဝမရှိချေ။
အစ္စလာမ်တွင် မိမိသည် ဘုရားဖြစ်သည်ဟု ကြွေးကြော်သူအားလုံးကို “ဘုရားဖြစ်၊ မဖြစ်စာမေးပွဲ”ကို အထက်ဖော်ပြပါ မှတ်ကျောက်များဖြင့် စစ်ဆေး၍ မှတ်ကျောက်တင်ပါတယ်။ အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်မှ အထက်ဖော်ပြပါ အရည်အသွေးများနဲ့ ပြည့်စုံမှာ မဟုတ်ပါဘူး။
ကိုးကွယ်ရာအရှင်သည် လူ့ဇာတိခံစရာမလိုခြင်း
အချို့သောလူများက စောဒကတက်ကြသည်မှာ ကိုးကွယ်ရာအရှင်သည် မည်သည့်အရာမဆို ပြုလုပ်နိုင်သည်ဆိုလျှင် အဘယ်ကြောင့် သူသည်လူသားအသွင်ကို မဆောင်ရသနည်း။ အကယ်၍ “ကိုးကွယ်ရာအရှင်”က အလိုရှိလျှင် သူသည် လူသား ဖြစ်နိုင်ပါသည်။ ထိုသို့ ကိုးကွယ်ရာအရှင်က လူသားအဖြစ် ရောက်ရှိလာပါလျှင်၊ သူသည် ကိုးကွယ်ရာအရှင်အဖြစ် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် များစွာသော ကိစ္စရပ်များအတွက် လူသားနှင့် ဘုရား၏ အရည်အသွေးများသည် သဟဇာတ မဖြစ်သောကြောင့် ဖြစ်သည်။ အောက်ဖော်ပြပါ စာပိုဒ်များက၊ ကိုးကွယ်ရာအရှင်က လူသားဖြစ်လာခြင်းဟူသောအယူအဆ၏ ရယ်ဖွယ်ကောင်းမှုကို ဖော်ညွှန်းနေပေသည်။
ကိုးကွယ်ရာအရှင်သည် သေမျိုးမဟုတ်၊ လူသားသည် သေမျိုးဖြစ်သည်။
လူသားသည် ဘုရားမဖြစ်နိုင်၊ ဆိုလိုသည်မှာ လူသားဖြစ်ပါလျက် သေမျိုး မဟုတ်၊ မသေနိုင်သော ဘုရားအဖြစ် တစ်ချိန်တည်းမှာ သီးခြား ရပ်တည်ရှိနေသည်မှာ မဖြစ်နိုင်ပါ။ ယင်းသို့ဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိပါ။ ဘုရားတွင် “အစပြုခြင်း” မရှိနိုင်သော်လည်း လူသားတွင် သူ၏ “အစ”သည် ရှိနေပေသည်။ အသင့်အနေနှင့် အစမရှိသောပုဂ္ဂိုလ်နှင့် အစရှိသောပုဂ္ဂိုလ် တစ်ပြိုင်နက် ဖြစ်နိုင်သည်ဟု ယူဆပါသလား။ ထိုသို့ မဖြစ်နိုင်ပါ။ လူသားတွင် အဆုံးရှိသည်။ အသင့်အနေနှင့် “အဆုံး”ရှိသောသူနှင့် “အဆုံး”မရှိသောသူ တစ်ပြိုင်နက် မဖြစ်နိုင်ပါ။ ဤသို့ ဆန့်ကျင်ဘက်သဘောဆောင်သူနှစ်ဦး တွဲဖက်၍ တစ်ပြိုင်နက်တည်းမှာ ဖြစ်နိုင်ခြင်းသည် အဓိပ္ပာယ် ကင်းမဲ့နေပါသည်။
လူသားအနေနှင့် သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အာဟာရဓာတ် လိုအပ်သော်လည်း ကိုးကွယ်ရာအရှင် အနန္တစွမ်းအားရှင်အနေနှင့် တစ်စုံတစ်ရာကို စားသုံး၍ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန်မလိုပါ။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်၊ သားကောင်များကဏ္ဍ၊ အာယသ်တော် (၁၄)တွင်
“ထိုအရှင်မြတ်သည် (သူတစ်ပါး တို့ကို) ကျွေးမွေးတော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါး၏) ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။” (ကုရ်အာန် ၆း၁၄)
လူသားအနေနှင့် အိပ်စက်အနားမယူဘဲ မနေနိုင်သော်လည်း ဘုရားအနေနှင့် အနားယူရန် (၀ါ) အိပ်စက် အနားယူရန်မလိုပေ။ အနန္တစွမ်းအားရှင်မှ အိပ်စက်အနားယူခြင်း မလိုအပ်ကြောင်းကို ကုရ်အာန်ကျမ်းမြတ် ၏ အောက်ပါကျမ်းပိုဒ်တွင် လေ့လာနိုင်သည်။
“ထိုအရှင်မြတ်သည် အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည်နေတော်မူ၍ သတ္တ၀ါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မြည်းခြင်းသည်လည်းကောင်း၊ အိပ်စက်ခြင်းသည် လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် မိုးကောင်းကင် စကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော (သက်ရှိ၊ သက်မဲ့) အရာဝတ္တုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။” (ကုရ်အာန် ၂း၂၅၅)
အခြားလူသားတစ်ဦးအား ကိုးကွယ်ခြင်းသည်အကျိုးမရှိ
ဘုရားသည် လူသားဖြစ်လာခြင်းဟူသောအယူအဆသည် လက်ခံနိုင်ဘွယ်ရာမရှိဟု ကျွန်ုပ်တို့ယူဆလျှင် ဘုရားစစ်၊ ဘုရားမှန်ဖြစ်သည့် “ကိုးကွယ်ရာအရှင် အလ္လာဟ်” မှလွဲ၍ အခြားသော လူသားတစ်ဦးဦးကို ကိုးကွယ်ခြင်းသည်လည်း အဓိပ္ပာယ်မဲ့သောလုပ်ရပ်ဖြစ်သည်ဟူသောအချက်ကိုလည်း ကျွန်ုပ်တို့လက်ခံသဘောတူသင့်ပါသည်။ အကယ် ၍ “ဘုရား”သည် လူသားအသွင်ပြောင်းလာလျှင်၊ သူသည် မိမိကိုယ်ကို “ဘုရား”အဖြစ်မှ ရပ်စဲပြီး လူသားအရည်အချင်းအားလုံးပိုင်ဆိုင်ရန် လိုအပ်လာလေသည်။ ဥပမာ-အလွန်ထူးချွန်သော ပါမောက္ခကြီးတစ်ဦးသည် အက်ဆီးဒင့်တစ်ခုကြောင့် အစားထိုး၍မရနိုင်သော မှတ်ဥာဏ်ပျောက်ဆုံးသွားသည့် အဖြစ်ဆိုးမျိုးနှင့် ကြုံရမည်ဆိုလျှင်၊ သက်ဆိုင်ရာဘာသာရပ်နှင့် ပတ်သက်၍ ဆည်းပူးနေသော ကျောင်းသူ၊ကျောင်းသားများအတွက် သူ့ထံတွင် ဆက်လက်ပြီး သင်ယူဆည်းပူးနေပါက အဓိပ္ပာယ်မဲ့သော ရူးသွပ်မှု ဖြစ်နေပေမည်။
ထို့အပြင် အကယ်၍“ဘုရား”သည် လူသားအသွင်ဆောင်ပါက၊ ထိုအသွင်ဆောင်ခဲ့ရသော လူသားသည် နောင်တွင် ဘုရားပြန် မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ကိုးကွယ်ရာအရှင်ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်အရ လူသားသည် ဘုရားဖြစ်နိုင်သော စွမ်းရည်ကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူအသွင်ရှိသောဘုရားကို ကိုးကွယ်ခြင်းသည် ယုတ္တိမတန်သော အတွေးအခေါ် မှားယွင်းမှုဖြစ်၍ ဘုရားအား ပုံပန်းသဏ္ဌာန်မျိုးစုံဖော်၍ ပြုလုပ် ကိုးကွယ်ခြင်း သည်လည်း မနှစ်မြို့ဘွယ်ရာ ကောင်းပါသည်။ ဤသည်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်တွင် နတ်ဘုရားကိုးကွယ်ခြင်းအမျိုးမျိုးကို ဆန့်ကျင်ရန်ဟောကြားထားရသော အကြောင်းအရင်း ဖြစ်သည်။ အောက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ ကျမ်းပိုဒ်တော်တွင်၊ ရုပ်ပွား၊ ရုပ်ထုများသည် အလ္လာဟ်အရှင်မြတ်နှင့် လားလားမျှ မအပ်စပ်ကြောင်းဖော်ပြထားသည်။
“ထိုအရှင်မြတ်နှင့်တူသော (အဖန်ဆင်းခံ)ဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိ။” (ကျမ်းမြတ်ကုရ်အာန်၊ ၄၂း၁၁)
ကိုးကွယ်ရာအရှင်သည် ဘုရားမဆန်သော အပြုအမူကို ပြုမည်မဟုတ်
ကိုးကွယ်ရာအရှင်၏ ပကတိဂုဏ်ရည်တော်များမှာ တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် သစ္စာတရား၊ အမှန်တရားများ ဖြစ်လေရာ၊ ဘုရားစစ်၊ ဘုရားမှန်ဟူသည် မကောင်းမှုအပေါင်းကို ပိတ်ပင် ကန့်သတ်လေသည်။ ဘုရားသည် ဘုရားမဆန်သော အပြုအမူမျိုးပြုရန် ဘယ်သောအခါမျှ ကြံစည်မှုရှိမည်မဟုတ်။ ထို့ကြောင့် ဘုရားသည် လိမ်လည်ပြောဆိုခြင်း၊ တရားမျှတမှုမရှိခြင်း၊ အမှားယွင်းပြုလုပ်မိခြင်း၊ မေ့မှားခြင်းစသော လူသား၏ အားနည်းချက်များကဲ့သို့ ပြုလုပ်မည်မဟုတ်။ ထိုနည်းတူစွာ၊ တရားမျှတမှုမရှိခြင်းကို လုပ်လိုက လုပ်နိုင်သော်လည်း၊ ထိုသို့ပြုမူခြင်းသည် ဘုရားမဆန်သောလုပ်ရပ်ဖြစ်ခြင်းကြောင့်၊ ဘုရားစစ်၊ ဘုရားမှန်သည် ဘယ်သောအခါမျှပြုလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင်
“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြူမှုန်ခန့်မျှ မတော်မတရား ပြုတော်မူမည်မဟုတ်ပေ။” (ကုရ်အာန်၎း၄၀)
ကိုးကွယ်ရာအရှင်သည် မတရားမှုကို မိမိအလိုဆန္ဒရှိလျှင် လုပ်နိုင်သော်လည်း၊ ဘယ်သောအခါမျှ လုပ်မည်မဟုတ်၊ ထိုသို့ လုပ်လိုက်သည်နှင့် သူသည်ဘုရားအဖြစ်မှ ရပ်ဆိုင်းသွားမည် ဖြစ်သည်။
ကိုးကွယ်ရာအရှင်သည် အမှားကိုလုပ်မည်မဟုတ်သလို မေ့လျော့မည်လည်းမဟုတ်
ဘုရား(ကိုးကွယ်ရာအရှင်)သည် မေ့လျော့တတ်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် မေ့လျော့ခြင်းသည် ဘုရားမဟုတ်သောအပြုအမူ ဖြစ်သောကြောင့် ဖြစ်သည်။ မေ့လျှော့ခြင်းသည် ကန့်သတ်ချက်များရှိသော လူသား၏ သဘာဝအားနည်းချက်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ ဘုရား(ကိုးကွယ်ရာအရှင်)သည် အမှားကို ကျူးလွန်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အမှားကျူးလွန်ခြင်းသည် ဘုရားမဟုတ်သောအပြုအမူ ဖြစ်သည်။
“(အမှန်စင်စစ်) ကျွန်ုပ်၏အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ်ပေ။ မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။” (ကုရ်အာန် ၂၀း၅၂)
ဘုရားသည် ဘုရားဆန်စွာ ပြုမူမည်
ဘုရား(ကိုးကွယ်ရာအရှင်)တွင် အရာခပ်သိမ်းတို့ကို နိုင်နင်း လွှမ်းမိုးတော်မူသောစွမ်းအား ရှိသည်။ အစ္စလာမ်ဘာသာ၏ဘုရား (ကိုးကွယ်ရာအရှင်)ဟူသည့် အသိသညာတွင် ဘုရားသည် (ကိုးကွယ်ရာအရှင်သည်) အရာခပ်သိမ်းကို နိုင်နင်း လွှမ်းမိုးတော်မူသောအရှင် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ များစွာသောနေရာများတွင်
“ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း” ဟူသောဂုဏ်တော်ကို ကျမ်းမြတ်ကုရ်အာန် (၂း၁၀၆၊၂း၁၀၉၊ ၂း၂၈၄၊ ၃း၂၉၊ ၁၆း၇၇နှင့် ၃၅း၁) တို့တွင် ဖော်ပြထားပေသည်။ ထို့ပြင် ခမ်းနားထည်ဝါသောကုရ်အာန်တွင် ဖော်ပြသည်မှာ
“အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်သည်။” (ကုရ်အာန် ၈၅း၁၆)
ကျွန်ုပ်တို့၏စိတ်ထဲတွင် သိမြင်ဆင်ခြင်ရမည်မှာ အလ္လာဟ်အရှင်မြတ်သည် ဘုရားဆန်သောအပြုအမူကိုသာ ရည်ရွယ်ပြုမူတတ်ပြီး၊ ဘုရားမဆန်သောအပြုအမူကို ပြုလုပ်မည် မဟုတ်ဟူသောအချက်ပင် ဖြစ်သည်။ မြောက်မြားစွာသောဘာသာတရားများ၏ အချို့သောအချက်များတွင်၊ နတ်ဘုရားများ ကိုးကွယ်ခြင်းအယူအဆကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ယုံကြည်ကြသည်။ ဤသည်၏ဆိုလိုရင်းမှာ ဘုရားသည် လူသားအသွင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းတို့၏အယူအဆ သဘောထားမှာ ဘုရားသည် အလွန် သန့်စင်မွန်မြတ်လှသောကြောင့်၊ လူသားတွင် ဖြစ်ပေါ်ခံစားရတတ်သောအခက်အခဲများ၊ ဆင်းရဲပင်ပန်းမှုများ၊ လိုအပ်ချက်များနှင့် ခံစားချက်များကို သတိမပြုနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများအတွက် စည်းမျဉ်းဥပဒေသများ သတ်မှတ်ရန်ဘုရားသည် လူသားအသွင်ဆောင်၍ ကမ္ဘာမြေပေါ်သို့ သက်ဆင်းသည်။ ဤသို့လှည့်စားတတ်သော အတွေးအခေါ်သည် ခေတ်သမိုင်းအဆက်ဆက် မရေတွက်နိုင်အောင်များပြားသော လူသားသန်းပေါင်းများစွာကို ရူးသွပ်စေခဲ့သည်။ ကျွန်ုပ်တို့အနေနှင့် ဤငြင်းခုံဝေဖန်ခြင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး၊ ယင်းသည် အကြောင်းတရားအဖြစ် ရပ်တည်သင်၊့ မရပ်တည်သင့်ဆိုသော အချက်ကို ဝေဖန်ဆန်းစစ် ကြည့်ကြပါစို့။
ဖန်ဆင်းရှင်သည် လမ်းညွှန်ချက်လက်စွဲစာအုပ်ကို အသင့်ပြင်ဆင်ထားသည်
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့လူသားများအား အသိဥာဏ်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်သောစွမ်းအားကို ပေးသနားအပ်နှင်းထားတော်မူ၏။ ထိုစွမ်းအားများဖြင့် ကျွန်ုပ်တို့ လူသားများသည် မိမိတို့အတွက် တိကျသော ရည်ရွယ်ချက်များဖြင့် ပစ္စည်းကိရိယာတန်ဆာပလာများကို ကြံဆ၊ တီထွင်၊ ဖန်တီး ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ကြ သည်။ ဥပမာအားဖြင့်ဆိုရသော် အသံဖမ်းစက်များကို အမြောက်အမြား ထုတ်လုပ်သည်ဆိုပါစို့။ အသံဖမ်းစက် ထုတ်လုပ်ရေးအတွက် မည်သည့်အရာက ကောင်းသည်ကို သိရန်အလို့ငှါ ထုတ်လုပ်သူကိုယ်တိုင်က အသံဖမ်းစက်ဖြစ်ရန် လိုသည်ဟူ၍ မည်သည့်အခါကမျှ ပြောဆိုအကြံပြုခြင်း မရှိခဲ့ပါ။ သေချာသည်မှာ ထုတ်လုပ်သူအနေနှင့် သူ၏ထုတ်ကုန်နှင့်ပတ်သက်၍ ပြည့်စုံသောအသိပညာရှိထားခြင်းကြောင့် လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်လုပ်ပေမည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုလမ်းညွှန်လက်စွဲစာအုပ်က စက်အတွက် မည်သည်တို့ကို လုပ်ရမည်၊ မလုပ်ရဟူသော ညွှန်ကြားမှုကို အတိအကျပေးမည်ဖြစ်သည်။ အကယ်၍ သင်သည် လူသားအား စက်ယန္တရားတစ်ခုအဖြစ် ယူဆပါက၊ အလ္လာဟ်၏ ရှုတ်ထွေးသော၊ အဆင့်မြင့်သော ဖန်ဆင်းမှုတစ်ရပ်ဟုသာ ယူဆနိုင်သည်။ ကျွန်ုပ်တို့၏ ကိုးကွယ်ရာအရှင်၊ အလ္လာဟ်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့်၊ လူသားအတွက် မည်သည့်တို့က ကောင်းသည်၊ မည်သည်တို့က မကောင်းသည်ကို သိရန်အလို့ငှာ အလ္လာဟ်မှ လူအသွင်ဆောင်ရန် မလိုအပ်ပေ။ ထိုအရှင်အနေနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်ပြန်ပို့ချပေးရန်သာ လိုအပ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်သည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထုတ်ပြန်ချမှတ်ထားသော လမ်းညွှန်လက်စွဲစာအုပ် ဖြစ်လေသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သူ၏ဖန်ဆင်းခံများအားလုံးကို ၎င်းတို့၏ လုပ်ရပ်များနှင့် ပတ်သက်၍ ကမ္ဘာ့တရားစီရင်မည့်နေ့ (ကိယာမသ်နေ့)တွင် စစ်ဆေးမည် ဖြစ်သည်။ ဤသို့ စစ်ဆေးရသည့်အကြောင်းအရင်းမှာ ကျွန်ုပ်တို့ဘ၀အတွက် ကျင့်ရန်၊ ကြဉ်ရန်များကို လမ်းညွှန်ကျမ်းများအားဖြင့် အသိပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် “သတင်းပေးမည့်တမန်တော်”များကို ရွေးချယ်ခြင်း
အလ္လာဟ်အရှင်အနေနှင့် သူ၏လမ်းညွှန်ချက်များချမှတ်ရန်အတွက် ကိုယ်တိုင် ဆင်းသက် ကြွချီလာရန် မလိုအပ်ချေ။ ခေတ်သမိုင်း အဆက်ဆက်တွင် အလ္လာဟ်သည်၊ ခေတ်တိုင်း၊လူမျိုးတိုင်းမှ လူသားများကို ရွေးချယ်ပြီး အလ္လာဟ်အရှင်၏ ဓမ္မတရား လမ်းညွှန်ချက်များကို ဟောကြားစေသည်။ ဤကဲ့သို့ ရွေးချယ်ခြင်းခံရသော လူသားများအား အလ္လာဟ်၏ ရစူလ် (သို့မဟုတ်) နဗီတမန်တော်များဟုခေါ်သည်။
မျက်စိကန်းသူများနှင့် နားပင်းသူများ
သို့သော်ငြားလည်း၊ အဓိပ္ပာယ်မဲ့သောနတ်ဘုရားများကို ကိုးကွယ်ယုံကြည်ခြင်းဟူသော အယူအဆကို များစွာသော ဘာသာတရားများ၏ နောက်လိုက်များက ယုံကြည်ကြသည့်အပြင်၊ အခြားသူများကိုလည်း ၎င်းတို့ကဲ့သို့ ယုံကြည်စေရန် ဟောကြားကြသည်။ ဤသို့သော ပြုမူချက်မှာ လူသား၏အသိဥာဏ်ကို စော်ကားလိုက်သည်သာမက၊ ထိုအသိဥာဏ်ကို ပေးသနားထားတော်မူသောဖန်ဆင်းရှင်ကိုပါ စော်ကားလိုက်ခြင်း မဟုတ်ပါသလော။ ဤသို့ နတ်ဘုရားများကို ယုံကြည်ကိုးကွယ် ပူဇော်ပသနေသောသူများသည် အမှန်စင်စစ် အလ္လာဟ်အရှင် ပေးသနားထားသော နားရှိပါလျှက်မကြားသော “နားပင်းများ”၊ မျက်စေ့ရှိပါလျှက်နှင့်မမြင်ကြသော “မျက်ကန်းများ”ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင်
“ထိုသူများသည် (အမှန်တရားကို မကြားလိုကြသည့်အတွက်) နားပင်းသူများမည်၏။ (အမှန်တရားကို မပြောလိုကြသည့်အတွက်) ဆွံ့အသူများလည်း မည်၏။ (အမှန်တရားကို မမြင်လိုကြ သည့်အတွက်) မျက်ကန်းများလည်းမည်၏။ သို့ဖြစ်ရာ ၄င်းတို့သည် ဤသို့ (လမ်းညွှန်တရား ဘက်သို့) ပြန်လှည့်ကြမည် မဟုတ်ပေ။” (ကုရ်အာန် ၂း၁၈)
အထက်ဖော်ပြပါ အာယသ်တော်နှင့် အလားတူသတင်းပေးချက်ကို သမ္မာကျမ်း၏ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် အောက်ပါအတိုင်း ဖော်ပြထား၏။
“သူတို့သည်မြင်လျက်နှင့်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာ ဆောင်၍ ငါဟောပြော၏။” (Mathew 13: 13)
အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၊ သမ္မာကျမ်းလာကျမ်းပိုဒ်နှင့် အလားတူ ကျမ်းပိုဒ်ကိုလည်း ဟိန္ဒူကျမ်းဂန်၊ ရစ်ဂ်ဝေဒကျမ်းတွင်တွေ့နိုင်သည်။
“စကားလုံးများကိုမြင်ပါလျက်နှင့် အမှန်တကယ်မမြင်ကြသောသူများ၊ ဤ စကားလုံးကို ကြားပါလျက်နှင့် အမှန်တကယ် မကြားကြသောသူများ ရှိပေလိမ့်မည်။” (Rigveda 10: 71: 4)
ဤကျမ်းဂန်များမှ စာရှုသူအားပြောကြားနေသည်မှာ၊ အရာအားလုံးကို ရှင်းလင်းလွယ်ကူစွာ သိမြင်နားလည်နိုင် အောင်ပြုထားပါလျှက်နှင့်၊ အမှန်တရားမှ သွေဖည်၍ လမ်းလွဲကုန်သူများ ရှိနေကြောင်းပင် ဖြစ်သည်။
သောင်ဟီးဒ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အမျိုးအစားများ
အစ္စလာမ်သည် သောင်ဟီးဒ်(Tauhid)ကို ယုံကြည်သည်။ ဤသောင်ဟီးဒ်သစ္စာတရားသည် တစ်ဆူတည်းသောဘုရား (ကိုးကွယ် ရာအရှင်)ကို ယုံကြည်ခြင်းထက် သာလွန်ပါသည်။ “သောင်ဟီးဒ်” ဟူသောစကားလုံးမှာ စာပေအဓိပ္ပာယ်အရ “တစ်ပေါင်းတည်းဖြစ်ခြင်း”ဟု ဖြစ်ပြီး “ထိုကိုးကွယ်ရာအရှင်တစ်ပါးတည်းရှိကြောင်း၊ အခိုင်အမာယုံကြည် ပြောဆိုခြင်း”ပင် ဖြစ်သည်။ သောင်ဟီးဒ်သည် အာရဗီစကားလုံး (وحّد، يوحّد، توحيد) မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ “ပေါင်းစည်းခြင်း၊ စည်းလုံးခြင်း (သို့မဟုတ်) ကျစ်လျစ်ခိုင်မာခြင်း”တို့ ဖြစ်သည်။ “သောင်ဟီးဒ်”ကို အမျိုးအစား(၃)ခု ခွဲခြားနိုင်ပါသည်။၎င်းတို့မှာ-
(၁) သောင်ဟီးဒလ်ရုဗူဗီယဟ် (توحيد الربوبية)
(၂) သောင်ဟီးဒလ် အလ်-အတ်စ်မာအုဝဆ်ွဆွိဖါသ် (توحيد الأسماء و الصفات )
(၃) သောင်ဟီးဒလ်အုလုဟီးယဟ်(သို့) သောင်ဟီးဒလ်အိဗာဒဟ် (توحيد الألوهية او توحيد العبادة )
(၁) သောင်ဟီးဒရ်ရူဗူဗီယဟ် (ဖန်ဆင်းထိန်းသိမ်းမှု၌“တစ်”ဖြစ်ခြင်း)
သောင်ဟီးဒ်အမျိုးအစားထဲမှ၊ ပထမဦးဆုံးအမျိုးအစားမှာ “သောင်ဟီးဒရ် ရူဗူဗီယဟ်”ဖြစ်သည်။ ရူဗူဗီယဟ်သည် မူရင်းအာရဗီစကားလုံး“ရဗ်”မှဆင်းသက်လာပြီး၊ “ရဗ်”၏အဓိပ္ပာယ်မှာ “အရှင်သခင်၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့် ချစ်ခင်မြတ်နိုးသူ” ဟူသော အဓိပ္ပာယ်များရှိသည်။
ထို့ကြောင့် “သောင်ဟီးဒရ်ရူဗူဗီယဟ်”ဟူသည် ဖန်ဆင်း ထိန်းသိမ်း စောင့်ရှောက်ရာအရှင် တစ်ပါးတည်းဖြစ်ခြင်းကို ထိန်းသိမ်းခြင်းဖြစ်သည်။ ဤသောင်ဟီးဒ်အမျိုးအစားမှာ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာလျှင် ဘာမျှမရှိသောအခြေအနေမှ အရာခပ်သိမ်းဖြစ်ပေါ်တည်ရှိစေအောင် ဖြစ်စေခြင်းဟူသော အခြေခံအသိသညာပေါ်တွင် အခြေခံထား၏။ တစ်စုံတစ်ရာမျှ လုံးဝမရှိသေးသော အခြေအနေမှ အရာခပ်သိမ်းတို့ကိုဖန်ဆင်းသည် (သို့) အစပြု ဖြစ်ပေါ်စေသည်။ ထိုအရှင်တစ်ပါးတည်းသာလျှင် (ပြီးပြည့်စုံသောစကြ၀ဠာကြီးနှင့် ၎င်းင်းစကြ၀ဠာအတွင်းရှိ အရာ များ အားလုံးကို) ဖန်ဆင်းရှင်၊ ပြုစု၊ ပျိုးထောင်တော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင် ဖြစ်သည်။ ဤသို့စကြ၀ဠာနှင့် စကြ၀ဠာအတွင်းရှိ သက်ရှိ၊ သက်မဲ့ခပ်သိမ်းတို့ကို ပြုစုပျိုးထောင်ထိန်းသိမ်းရာတွင် ထိုအရှင်အတွက် လိုအပ်ချက်တစ်စုံတစ်ရာမရှိသလို ထိုအရှင်အတွက်လည်း မည်သို့မျှ အသုံးဝင် လိုလား တောင့်တအပ်သည်မဟုတ်။
(၂)သောင်ဟီးဒလ် အတ်စ်မာအ်ဝဆ်ွဆွီဖါသ် (အလ္လာဟ်၏ နာမတော်နှင့် ဂုဏ်ရည်တော်များ၏ တစ်ပေါင်းတည်းဖြစ်ခြင်းသဘောကို ထိန်းသိမ်းခြင်း)
သောင်ဟီးဒ်၏ဒုတိယအမျိုးအစားမှာ“သောင်ဟီးဒလ် အတ်စ်မာအ်ဝဆ်ွဆွီဖါသ်” ဖြစ်ပြီး၊ ၎င်း၏အနက်အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်၏နာမတော်များ၊ ဂုဏ်ရည်တော်များ၏ တစ်ပေါင်းတည်းဖြစ်ခြင်း၊ (ဧကန်သဘော)ကို ထိန်းသိမ်းခြင်းဟု အဓိပ္ပါယ်ရသည်။ ယင်းသောင်ဟီးဒ်အမျိုးအစားကို (၅)မျိုး ခွဲခြားနိုင်သည်။
(၁) အလ္လာဟ်အရှင်မြတ်အား ရည်ညွှန်းဖော်ပြရာတွင်၊ ထိုအရှင် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များ၏ ဖော်ပြချက်များအတိုင်း ရည်ညွှန်းဖော်ပြသင့်ခြင်း။
အလ္လာဟ်အရှင်မြတ်ကို ရည်ညွှန်း ပြောဆိုရာတွင်၊ ထိုအရှင် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များက ဖော်ပြသည့်နည်းအတိုင်းသာ သတ်မှတ်ခေါ်ဝေါ်သင့်ပါသည်။ ဤကဲ့သို့ ခေါ်ဝေါ်ကြရာဝယ်၊ ထိုအရှင်၏ နာမတော်များ၏ ထင်ရှားသောအနက်အဓိပ္ပာယ်များမှလွဲ၍ မည်သည့်အမည်နာမများ၊ ဂုဏ်တော်များဖြင့် ရှင်းလင်းပြသခြင်း မပြုဘဲ မူရင်းအနက်အဓိပ္ပာယ်အတိုင်းသာ ဖော်ပြသင့်ပါသည်။
(၂) အလ္လာဟ်အရှင်မြတ်အား ရည်ညွှန်းခေါ်ဆိုရာ၌ ထိုအရှင်မြတ် ကိုယ်တော်တိုင်က မိမိကိုယ်ကိုမိမိရည်ညွှန်းသည့်အတိုင်း ခေါ်ဝေါ်ရပါမည်။
အလ္လာဟ်အရှင်မြတ်ကို ရည်ညွှန်းတသရာတွင် အမည်နာမတော်အသစ်၊ ဂုဏ်တော်အသစ်များပေး၍ မရည်ညွှန်း၊ မတသသင့်ပါ။ ဥပမာ-အလ္လာဟ်အရှင်မြတ်၏ ကရုဏာကင်းဝေးခြင်းရှိတတ်သည်မှာ မှန်သော်လည်း အလ္လာဟ် ၏အမည်နာမတော်အား (အလ်ဂါဒွိဗ်) (ဒေါသကြီးတော်မူသောအရှင်) ဟူသော အမည်နာမမျိုး မပေးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များကပါ ထိုကဲ့သို့သော အမည် နာမတော်မျိုးကို အသုံးပြုဘူးသည် မရှိခဲ့သောကြောင့် ဖြစ်ပါသည်။
(၃) အလ္လာဟ်အရှင်မြတ်အား ၎င်းကိုယ်တော်တိုင် ပြုလုပ် ဖန်ဆင်းထားသောအရာများနှင့်လည်းကောင်း၊ ဂုဏ်အရည်အသွေးများနှင့်လည်းကောင်း၊ အမည်တတ်ခေါ်ဝေါ်တသခြင်း မပြုအပ်ပါ။
ကိုးကွယ်ရာအရှင် အလ္လာဟ်အား ရည်ညွှန်းတသမှုအတွက် ထိုအရှင်က ဖန်ဆင်းတော်မူခဲ့သည့် အဖန်ဆင်းခံများ ၏ အရည်အသွေးများနှင့် အမည် မှည့်ခေါ်တသမှုကိစ္စအား ကျွန်ုပ်တို့အနေနှင့် တင်းတင်းကျပ်ကျပ် ရှောင်ကြဉ်ရပါမည်။ ဥပမာ-သမ္မာကျမ်းစာတွင် ဘုရား(ကိုးကွယ်ရာအရှင်)သည် လူသားများက သူတို့၏ အမိုက်၊ အမှားများကို ပြုလုပ်ပြီး နောင်တရသကဲ့သို့ ဘုရားကလည်း သူ၏ မှားယွင်းသောအတွေးအခေါ်၊ အကြံအစည်များလုပ်ရန်အတွက် နောင်တရသည်ဟု သရုပ်ဆောင်ပြထားခြင်းမျိုးကို လက်မခံပါ။ ဤသို့ လူသား၏လုပ်ရပ်ကို ဘုရားအတွက် သုံးနှုန်းခြင်းသည် သောင်ဟီးဒ်၏သဘောတရားကို သွင်သွင်ကြီးဆန့်ကျင်နေပေသည်။ (ကိုးကွယ်ရာအရှင်) သည် နောင်တရစရာအကြောင်းလည်း မရှိ။ မည်သည့် အမှားအယွင်းကိုမျှလည်း ကျူးလွန်ရန် အကြောင်းလည်း မရှိချေ။ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များနှင့်ပတ်သက်သော အဓိကသဘောတရားများကို ကျမ်းမြတ်ကုရ်အာန်၏ ဆွေးနွေးတိုင်ပင်ခြင်းကဏ္ဍတွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။
“ထိုအရှင်မြတ်နှင့်တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင် မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသော အရှင်ဖြစ်တော်မူ၏။” (ကျမ်းမြတ်ကုရ်အာန် ၄၂း၁၁)
မြင်ခြင်းနှင့်ကြားခြင်းသည် လူသား၏ အရည်အသွေးဖြစ်သော်လည်း၊ ကိုးကွယ်ရာအရှင်၏ဂုဏ်တော်အဖြစ် သုံးစွဲသောအခါတွင်၊ ၎င်းတို့၏ တုနှိုင်းမဲ့ ပြည့်စုံမှုသဘောတရားကြောင့် လူသားများကြားခြင်း၊ မြင်ခြင်းနှင့် မတူနိုင်ပါ။ လူသားတွင် ၎င်းတို့၏အမြင်နှင့် အကြားအာရုံတို့တွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် မြင်နိုင်၊ ကြားနိုင်ဖို့ရာ လူသားအတွက် နားများ၊ မျက်စေ့များအစရှိသည်တို့ လိုအပ်သော်လည်း ကိုးကွယ်ရာအရှင် အလ္လာဟ်အရှင်မြတ်အတွက်ကား နား၊ မျက်စေ့စသောအင်္ဂါရပ်များ မလိုအပ်ပါ။
(၄) လူသားအားအမည်မှည့်ခေါ်ရာတွင် (ကိုးကွယ်ရာအရှင်)၏ ဂုဏ်ရည်တော်များကို မပေးသင့်ခြင်း
လူသားအား ကိုးကွယ်ရာအရှင်၏ ဂုဏ်ရည်တော်များဖြင့် အမည်မှည့်ခေါ်ခြင်းသည်လည်း “သောင်ဟီးဒ်သဘောတရား”နှင့် ဆန့်ကျင်နေပါသည်။ ဥပမာ – လူသား တစ်ဦးအား အစလည်းမရှိ၊ အဆုံးလည်းမရှိ၊ ထာဝရတည်နေခြင်းဟု အမည်မှည့်ခေါ်ခြင်းသည် သောင်ဟီးဒ်သဘောတရားနှင့် ဆန့်ကျင်နေပေသည်။
(၅) ဖန်ဆင်းခံများအား အလ္လာဟ်၏ အမည်နာမတော်များနှင့် မမှည့်ခေါ်သင့်ခြင်း
အချို့သောထူးခြားသည့် အမည်နာမများအား၊ ၎င်းတို့၏ မတိကျသောပုံစံဖြင့် (ဥပမာ-ရအုဖ် (၀ါ) ရဟီးမ်) စသည်တို့သည် သာမန်လူသားအတွက်ရော တမန်တော်များအတွက်ပါ အသုံးပြုခွင့်ရှိသော်လည်း၊ အရ်-ရအုဖ် (ဘာသာ ရေး အကိုင်းရှိုင်းဆုံးသူ)နှင့် အရ်-ရဟီးမ် (သနားကြင်နာဆုံးပုဂ္ဂိုလ်) စသည့် အမည်နာမများကိုကား မပေးသင့်ပေ။ ထိုအမည်နာမများရှေ့တွင် ရှေ့ဆက်စကားလုံး အဗ်ဒုရ် (ကျေးကျွန် (သို့) အစေခံ) ကိုတပ်၍ -အဗ်ဒုရ် ရအုဖ်၊ အဗ်ဒုရ်ရဟီးမ် စသည်တို့ အဖြစ်သာခေါ်အပ်သည်။
(ဂ) သောင်ဟီးဒလ်အူလူဟီးယဟ် (သို့)သောင်ဟီးဒလ်အိဗာဒဟ် (ကိုးကွယ်ခြင်းခံထိုက်မှုတွင်တစ်ပါးတည်းဖြစ်ကြောင်းကိုထိန်းသိမ်းခြင်း)
(၁) အိဗာဒဟ်၏ အနက်အဓိပ္ပါယ်
သောင်ဟီးဒလ်အိဗာဒဟ်သည် ကိုးကွယ်ဆည်းကပ်ခြင်းခံထိုက်မှုတွင် တစ်ပါးတည်းတည်ရှိကြောင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ “အိဗာဒဟ်”သည် အာရဗီ စကားလုံး အဗ်ဒွန်မှ ဆင်းသက်လာပြီး ကျေးကျွန် (သို့) ၀န်ထမ်း (သို့) တာဝန်ထမ်းဆောင်သူဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အိဗာဒဟ်သည် ယုံကြည်ကိုးကွယ်မှုတွင် သူ့ကျွန် (သို့) နာခံဘ၀တည်ဆောက်ခြင်းဖြစ်သည်။ ဆွလားသ်သည် အိဗာဒဟ်ပြုခြင်းအတွက် အမြင့်ဆုံး ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။ ဆွလားသ်သည် အလ္လာဟ် အရှင်မြတ်အား ၀တ်ပြုဆည်းကပ်ခြင်းဖြစ်ပြီး၊ ၎င်းတစ်ခုတည်းက အိဗာဒသ် မဟုတ်ပါ။ များစွာသော မွတ်စလင်မ်များသည်၊ ပုံမှန်ဝတ်ပြုသော ဆွလားသ်များ တည်ဆောက်ရုံဖြင့် အနန္တ စွမ်းအားရှင် အလ္လာဟ်အရှင်မြတ်အား “အိဗာဒဟ်” ပြုလုပ်ရာရောက်သည်ဟု လွဲမှားစွာနားလည်နေကြပေသည်။ အမှန်စင်စစ် အစ္စလာမ်က လက်ခံထားသော ၀တ်ပြုဆုတောင်းခြင်းဟူသောအသိသညာမှာ အလ္လာဟ်အရှင်မြတ် အားလုံးဝရိုကျိုး၍ အမိန့်နာခံခြင်း၊လိုက်နာခြင်း၊ တာဝန်ထမ်းဆောင်ခြင်းတို့ အကျုံး ၀င်သည်။ တစ်နည်းအားဖြင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်များကို လိုက်နာခြင်း အလ္လာဟ်တားမြစ်ထားသော အရာများမှ ရှောင်ရှားခြင်းသည် “အိဗာဒဟ်” (နာခံဘ၀တည်ဆောက်ခြင်း)မည်၍ ဤသို့ ပြုလုပ်သော အိဗာဒဟ်များသည်လည်း အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ရည်ရွယ်၍ပြုလုပ်ခြင်း ဖြစ်သည်။
(၂) အထက်ဖော်ပြပါ သောင်ဟီးဒ်သုံးမျိုးသုံးစားစလုံးကို တစ်ပြိုင်နက် လိုက်နာရန် လိုအပ်ပါသည်။
သောင်ဟီးဒ်အမျိုးအစား ပထမနှစ်ခုကိုသာယုံကြည်ပြီး၊ သောင်ဟီးဒလ် အိဗာဒဟ်ကို လက်တွေ့အကောင်အထည် မဖော်ပါက လုံးဝအသုံးဝင်မည်မဟုတ်။ ကျမ်းမြတ်ကုရ်အာန်တွင် “မုရှ်ရစ်က်”များ (တမန်တော်မြတ် လက်ထက်တော်က ရုပ်ထုကိုးကွယ်သူများ)က သောင်ဟီးဒ် ပထမအမျိုးအစားနှစ်ခုနှင့် ပတ်သက်၍ အတည်ပြုခဲ့ကြောင်းကို အောက်ပါအတိုင်း ညွှန်းဆိုတင်ပြထားပါသည်။
“(အို-နဗီတမန်တော်) အသင်သည် ၄င်းတို့အား ဤသို့ ပြောဆိုမေး မြန်းကြပါလေ။ အချင်းတို့ အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ကမ္ဘာဂြိုဟ်မှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကို စိုးပိုင်သနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှ ထွက်စေသနည်း”ဟု မေးမြန်းပါလေ။ ထိုအခါ ၄င်းတို့က “အလ္လာဟ်အရှင်မြတ်” ဟူ၍ပင် မုချပြောဆို ဖြေကြားကြပေမည်။ “သို့ဖြစ်ပေရာ အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလော” ဟုမေးမြန်းပါလေ။” (ကျမ်းမြတ်ကုရ်အာန်၁၀း၃၁)
အလားတူ အခြားဥပမာတစ်ခုကို ကျမ်းမြတ်ကုရ်အာန်၊ စူရာဟ်ဇုခ်ရုဖ်တွင် အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။
“စင်စစ်သော်ကား (အို-နဗီတမန်တော်) အကယ်၍သာ အသင်သည် ၎င်းတို့အား အသင်တို့ကို မည်သူ ဖန်ဆင်းခဲ့သနည်းဟု စုံစမ်းမေးမြန်းခဲ့ပါလျှင် ၄င်းတို့က အလ္လာဟ်အရှင်မြတ်ပင် (ဖန်ဆင်း တော်မူခဲ့သည်)ဟု ဧကန်မလွဲပြောဆို(ဖြေကြား) ကြပေမည်။ သို့ပါလျှက် ၄င်းတို့သည် အဘယ်သို့ (အမှန်တရားဘက်မှ) ပြန်လှည့်သွားနေကြပါသနည်း။” (ကျမ်းမြတ်ကုရ်အာန် ၄၃း၈၇)
မက္ကာမြို့တော်တွင်နေထိုင်ခဲ့ကြသော မုရှ်ရီးက်များက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဖန်ဆင်းရှင်၊ ထိန်းသိမ်း စောင့်ရှောက်သောအရှင်၊ အရှင်သခင်၊ အကြီးအကဲဖြစ်ကြောင်းကို ယုံကြည်ကြသည်။ သို့သော် ထိုသူများသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားသောဘုရားများကို ၀တ်ပြုရှိခိုးခြင်းကြောင့် မွတ်စလင်မ်များ မဟုတ်ကြပေ။ အလ္လာဟ်အရှင်မြတ်က ထိုသူများကို “ကာဖိရ်”(မယုံကြည်သူများ) ဟူ၍လည်းကောင်း၊ “မုရှ်ရီးက်များ” (ရုပ်ထု ကိုးကွယ်သူများနှင့် အလ္လာဟ်နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများ) ဟူ၍အမျိုးအစား ခွဲခြားသတ်မှတ်ခဲ့သည်။
“စင်စစ်သော်ကား ၄င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမပြုဘဲ သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ တကား။” (ကျမ်းမြတ်ကုရ်အာန် ၁၂း၁၀၆)
ထို့ကြောင့်သောင်ဟီးဒလ်အိဗာဒဟ် (တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် (အလ္လာဟ်)ကို နာခံဘ၀ တည်ဆောက်ခြင်းအား ထိန်းသိမ်းခြင်းသည်) သောင်ဟီးဒ်၏ အရေးကြီးသောအစိတ်အပိုင်း ဖြစ်သည်။ ထိုအလ္လာဟ်အရှင်သည်သာလျှင် နာခံဘ၀တည်ဆောက်ခြင်းကို ခံယူထိုက်ပြီး၊ ထိုအရှင်သည်သာလျှင် လူသား၏ နာခံဘ၀တည်ဆောက်ခြင်း အပေါ်တွင်၊ အကျိုးရှိစေအောင် အာမခံချက် ပေးနိုင်သောအရှင် ဖြစ်သည်။
ရှရီးက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အထက်ဖော်ပြပါ သောင်ဟီးဒ်အမျိုးအစား သုံးခုစလုံးအနက်၊ မည်သည့် အမျိုးအစားကိုမဆို ထိန်ချန်ထားခြင်း (၀ါ) သောင်ဟီးဒ်သုံးမျိုးစလုံး၏ စံချိန် စံညွှန်းကိုပြည့်ဝစွာလိုက်နာခြင်းမရှိဘဲ လျော့နည်းနေခြင်း၊ ယုံကြည်မှု အားနည်းနေခြင်းကို “ရှရီးက်”ဟု ခေါ်သည်။ ရှရီးက်၏ စာပေအဓိပ္ပာယ်မှာ “အဖော်များနှင့် တုဖက် နှိုင်းယှဉ်ခြင်း၊ ခွဲဝေခြင်း”ဟု အဓိပ္ပာယ်ရသည်။ အစ္စလာမ့် ဝေါဟာရတွင်မူ “ရှရီးက်သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားသောအရာများကို တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းဟု အဓိပ္ပာယ်ရပြီး ရုပ်ထုများကိုးကွယ်ခြင်းလည်းပါဝင်ပါသည်။
ရှရီးက်သည် အကြီးမားဆုံးသော အပြစ်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ဘယ်သောအခါမျှ ခွင့်လွှတ်မည်မဟုတ်။
ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်နိစာအ်တွင် အကြီးမားဆုံးသောအပြစ်နှင့် ပတ်သက်၍ အောက်ပါအတိုင်းတင်ပြထားပေသည်။
“ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျဉ်း ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် တွဲဘက် ယှဉ်ပြိုင် ကိုးကွယ်မှုမှတပါး အခြား ပြစ်မှု့ ဒုစရိုက်တို့ကိုမူကား မိမိ အလိုရှိတော်မူသောသူအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်နှိုင်းယှဉ် ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။” (ကျမ်းမြတ်ကုရ်အာန် ၄း၄၈)
တူညီသောသတင်းပေးချက်ကို စူရာဟ်နိစာအ်တွင် ထပ်မံ ဖော်ပြထားပေသည်။
“မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြား တစ်စုံတစ်ရာကို) မိမိနှင့်တွဲဘက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို အလျဉ်း ချမ်းသာခွင့် ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြား အပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက် (ယှဉ်ပြိုင်ကိုးကွယ်)ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ဝေးကွာသောလမ်းမှားသို့ ရောက်ရှိချေပြီ။” (ကျမ်းမြတ်ကုရ်အာန် ၄း၁၁၆)
ရှရီးက်သည်ငရဲမီးသို့ ခေါ်ဆောင်ပေးမည်။
ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်မာအိဒဟ်တွင် ရှရီးက်ပြုသူသည် ငရဲမီးသို့ ၀င်ရောက်ရမည်ကို အောက်ပါအတိုင်း တင်ပြထားသည်။
“မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် “မရ်ယမ်”၏သားတော် “မစီဟ်” (အီစာ) ပင်ဖြစ်တော်မူသည်”ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား “မစီဟ်” (ကိုယ်တိုင်)ကပင် “အို- အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့်၊ အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခ၀ပ်ကိုးကွယ်ကြလေကုန်ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင် မြတ်နှင့် တွဲဖက်(ကိုးကွယ်)ပါလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့သော) သူ၏အဖို့ “ဂျန္နတ်” အမတသုခဘုံကို မုချဧကန် ပိတ်ပင်ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဋ္ဌာနသည် ငရဲမီးပင် ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။” (ကျမ်းမြတ်ကုရ်အာန် ၅း၇၂)
အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခ၀ပ်ကိုးကွယ်ခြင်းနှင့် နာခံတည်ဆောက်မှု ပြုလုပ်သင့်ခြင်း
ကျမ်းမြတ်ကုရ်အာန်၊ စူရာဟ်အားလိအင်မရာန်တွင် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ်၊ နာခံဘ၀ တည်ဆောက်သင့်ကြောင်း အောက်ပါအတိုင်း တင်ပြထားပေသည်။
“(အို-နဗီ) အသင်သည် (ရဟူဒီနှင့် ခရစ်ယာန်တို့အား) ပြောကြားပါလေ၊ အို … ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံး လက်ခံထားသည့် တူညီသောစကားဘက်သို့ လာကြကုန်၊ (ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးအခြား မည်သည့်အရာကိုမျှ မခ၀ပ်မကိုးကွယ်ခြင်း၊ ငါတို့သည် တစ်စုံတစ်ခုသောအရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဘက်ယှဉ်ဘက် ဟူ၍မပြုခြင်း၊ ငါတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်ကို ဖယ်ကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသောအရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။(ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မွတ်စလင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည် (အလ္လာဟ် အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသော မွတ်စလင်မ်များပင် ဖြစ်ကြောင်း၊ အသင်တို့ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။” (ကျမ်းမြတ်ကုန်အာန် ၃း၆၄)
အလ္လာဟ်အရှင်မြတ်မှ ထုတ်ပြန်ပို့ချပေးခဲ့သောလမ်းညွှန်ကျမ်း ကျမ်းမြတ်ကုရ်အာန်
ကုရ်အာန်၏အမည်နာမများကို ပညာရှင်များက စုဆောင်းပြီး ၎င်းတို့ ရေးသားတဲ့ကျမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အသေးစိတ် သိလိုသူများ၊ လေ့လာလိုသူများအနေနဲ့ ပညာရှင်ကြီးမော်လာနာမုဖ်သီသကီးအွတ်စ်မာနီရဲ့ အူရ်ဒူဘာသာနဲ့ရေးသားခဲ့သော အူလူမ် အလ်-ကုရ်အာန်ဆိုတဲ့စာအုပ်မှာ လေ့လာနိုင်ပါတယ်။ ထိုကျမ်းငယ်ရဲ့ မြန်မာဘာသာပြန်ကို မော်လာနာပသီကျော်ဦးက ပြုစုထားတယ်လို့လည်း သိရပါတယ်။ စာအုပ်ရဲ့နာမည်ကိုလည်း “ကျမ်းမြတ်ကုရ်အာန်ရဲ့ နိဒါန်း”လို့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အမည်တစ်ချို့ကို ဖော်ပြရရင် အလ်-ဖုရ်ကာန်၊ အုမ်မုလ်ကိသာဗ်၊ အလ်-ဟမ်ဒ်၊ လောကခပ်သိမ်းအတွက် လမ်းညွှန်ကျမ်း စသည်ဖြင့် ဖြစ်ပါတယ်။ ထိုကျမ်းဟာ အရဗီဘာသာစကားနဲ့ ကျရောက်ခဲ့ပါတယ်။ အရဗီဘာသာစကားနဲ့ ရေးသားထားသော်လည်း ကျမ်းမြတ်ကုရ်အာန်ဟာ လောကခပ်သိမ်းတို့အဖို့လမ်းညွှန်အဖြစ် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ လောကခပ်သိမ်းတို့အဖို့ လမ်းညွှန်ကျမ်းကို လောကခပ်သိမ်းတို့အဖို့ ရဟ်မသ်ဂရုဏာတော်ရှင်အဖြစ် စေလွှတ်ခြင်းခံခဲ့ရတဲ့ တမန်တော်မုဟမ္မဒ်ထံကို ထုတ်ပြန်ပို့ချခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူ ထားတာကတော့
“ငါအရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ်တမန်တော်တပါး စေလွှတ်တော်မူသကဲ့သို့ပင် ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တ၀ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ်ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေး သည်။ ထိုမျှမက အသင်တို့အား ကျမ်းမြတ် (ကုရ်အာန်) နှင့် စွန္နာဟ်ကိုလည်း သင်ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ်တို့ကိုလည်း သင်ကြားပြသသည်။” (ကျမ်းမြတ်ကုရ်အာန်၊ ၂း ၁၅၁)
အစ္စလာမ်၏ စံပေတံ
ထို့ကြောင့် အစ္စလာမ်မှာ မိမိတို့လုပ်သမျှ၊ ဘ၀တည်ဆောက်မှုနည်းလမ်းဟူဟူသမျှဟာ
၁။ ကျမ်းမြတ်ကုရ်အာန်နဲ့ကိုက်ညီပါသလား။
၂။ မြတ်တမန်တော်ရဲ့ စွန္နာဟ်နဲ့ ကိုက်ညီသလားဆိုတာကို ညှိကြည့်ဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်တို့မှာ မဇ်ဟဗ်ကွာချင် ကွာမယ်။ ဒါပေမယ့် အခြေခံစည်းမျဉ်း စည်းကမ်းတွေဟာ ကျမ်းမြတ်ကုရ်အာန်၊ မြတ်တမန်တော်ရဲ့ စွန္နာဟ်နဲ့ ညှိကြည့်လိုက်ရင် အားလုံး အတူတူဘဲဆိုတာ တွေ့ရပါလိမ့်မယ်။
ဒါကြောင့် အစ္စလာမ်မှာ ဂိုဏ်းဂဏကွဲပြားမှုဆိုတာ မရှိပါဘူး။ ကုရ်အာန်နဲ့ စွန္နာဟ်ကို ဆန့်ကျင်ပြီး ကွဲပြားခြားနားနေတဲ့ အဖွဲ့တွေဟာ အစ္စလာမ်နဲ့ မည်သို့မျှ မသက်ဆိုင်ပါ။ သူတို့ဟာသူတို့ အစ္စလာမ်ဆိုတဲ့ အမည်ကို တပ်ချင် တပ်ထားမယ်။ အစ္စလာမ်နဲ့ မည်သို့မျှမဆိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ဆိုတာ အထောက်အထား (၄)ရပ်ရဲ့အပေါ်မှာ ရပ်တည်ထားပါတယ်။ အဲ့ဒါတွေကတော့ (၁) ကျမ်းမြတ်ကုရ်အာန် (၂) မြတ်တမန်တော်ရဲ့ စွန္နာဟ် (၃) အိဂ်ျမာအ် (၄) ကိယားစ် အလ်-ဆွဟီးဟ် တို့ဖြစ်တယ်။ ယင်းအထောက်အထားလေးရပ်နဲ့ မကိုက်ညီတဲ့ မည်သည့် ယုံကြည်ချက်၊ အတွေးအခေါ်၊ ကျင့်သုံးမှုမှ အစ္စလာမ်နဲ့သက်ဆိုင်ခြင်း မရှိပါ။ အစ္စလာမ်မှာ မိမိပြုကျင့်တဲ့ အအ်မာလ်အကျင့်အမှုတွေကို အလ္လာဟ်အရှင်မြတ်က လက်ခံဖို့ အချက် (၃)ချက်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ (၁) ပြုကျင့်သူဟာ အီမာန်ရှိရပါမယ်။ (၂) အိခ်လားဆွ် လို့ခေါ်တဲ့ ဖြူစင်ခြင်းသဒ္ဓါတရားရှိရပါ့မယ်။ (၃) ပြုကျင့်မှုဟူဟူသမျှဟာ မြတ်တမန်တော်ရဲ့ စွန္နာဟ်နဲ့ ကိုက်ညီနေရပါမယ်။
(၁) အီမာန် သက်ဝင်ယုံကြည်မှုမရှိသူရဲ့ မည်မျှကောင်းမြတ်တဲ့အလုပ်ကိုဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်ဟာ လက်ခံမှာ မဟုတ်ပါဘူး။ အီမာန်ရဲ့ဆန့်ကျင်ဖက်စကားလုံးကတော့ ရှရီးက် တုဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်းပဲ ဖြစ်ပါတယ်။
(၂) အိခ်လားဆ်ွလို့ခေါ်တဲ့ ဖြူစင်မှုမပါရင်လည်း အလ္လာဟ်အရှင်မြတ်ဟာ လက်ခံမှာ မဟုတ်ပါဘူး။ အိခ်လားဆ်ွရဲ့ ဆန့်ကျင်ဖက်စကားလုံးကတော့ ရိယာလို့ခေါ်တဲ့ ပြစားခြင်းဘဲဖြစ်ပါတယ်။ ခိုင်လုံသောအထောက်အထားများအရ ပြစားမှုသည်လည်း ရှရီးက်အငယ်စားတစ်မျိုး ဖြစ်ပါတယ်။
(၃) အေ့တိဗာအ် အရ်-ရစူလ် (إتباء الرسول)လို့ခေါ်တဲ့ ပြုကျင့်မှုဟူသမျှဟာ မြတ်တမန်တော်၏ စွန္နာဟ် နည်းစနစ်နှင့် ကိုက်ညီရပါမယ်။ အင်္ဂလိပ်လိုပြောရရင် Methodoloy of the Prophet Muhammed ဖြစ်ပါတယ်။ အေ့တိဗာအ် အရ်-ရစူလ်ရဲ့ဆန့်ကျင်ဖက်စကားလုံးကတော့ ဗိဒ်အဟ် ဖြစ်ပါတယ်။
သောင်ဟီးဒ်ပညာသင်ကြားရန်လိုအပ်ခြင်း
ကလိမာဟ်သွိုင်ယိဗာဟ်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်မှတပါး အခြားခ၀ပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။ မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်တော်မူသည်ကို ရွတ်ဖတ်လိုက်ရင် အခြေခံအားဖြင့် မုစ်လင်မ်လို့ ပြောလို့ရသွားပါတယ်။ အီမာန်မှာ အပိုင်း(၃)ခု ပါဝင်ပါတယ်။ (၁)နှုတ်လျှာဖြင့် အီမာန်၏အနှစ်ချုပ်ဖြစ်သည့် ရှဟာဒဟ်အား သက်သေခံထွက်ဆိုခြင်း (၂) နှလုံးသားဖြင့် ယင်းကလိမဟ်တော်အပေါ် နှစ်နှစ်ကာကာ ထောက်ခံ၍ သက်ဝင်ယုံကြည်ခြင်း၊ (၃) ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ယင်းကလိမဟ်တော်က တောင်းဆိုသော အချက်များအပေါ် လိုက်နာကျင့်သုံးခြင်းဖြင့် သက်ဝင်ယုံကြည်ခြင်းကို ခိုင်မာတိုးတက်စေခြင်းတို့ဖြစ်ပါတယ်။ ဒီနေ့ မုစ်လင်မ်အများစုဟာ ကလိမာဟ်ကို ရွတ်ဖတ်ကြတယ်။ သို့သော် နှလုံးသားထဲအထိ ရောက်မလာပါဘူး။ နှလုံးသားထဲရောက်တဲ့လူကြတော့လည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ရောက်မလာပါဘူး။ အထူး ၀မ်းနည်းစရာ ကောင်းပါတယ်။ သောင်ဟီးဒ်ရဲ့ ပညာရပ်တွေ မှေးမှိန်လာတဲ့အတွက် မုစ်လင်မ်လို့ အမည်ခံထားပေမယ့် မုစ်လင်မ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ချက်တွေ မတူကြတော့ပါဘူး။ ယုံကြည်ချက်မတူတဲ့အတွက် မုစ်လင်မ်တွေ အစိတ်စိတ်အမွှာမွှာ၊ ဂိုဏ်းဂဏတွေ များစွာ ကွဲပြားနေပါတယ်။ ဘာကြောင့် ကွဲပြားရသလဲဆိုတော့ သောင်ဟီးဒ်ရဲ့ပညာ မသင်ကြားခဲ့ရလို့ပါ။ သောင်ဟီးဒ်မှန်မှ အစ္စလာမ်လည်း မှန်ပါမယ်။ သောင်ဟီးဒ်မှားရင် အစ္စလာမ်လည်း မှားပါပြီ။ မြန်မာပြည်ရဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ ပညာရေးမှာ သောင်ဟီးဒ်နဲ့ပတ်သက်ပြီး သင်ကြားမှု အလွန်နည်းပါတယ်။ မော်လ၀ီအာလင်မ် တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများ၊ ဟာဖိဇ်ကျောင်းများ၊ အစ္စလာမ့် အခြေခံပညာကျောင်းတွေမှာ သောင်ဟီးဒ်ရဲ့ ပညာရပ် သင်ကြားတာ အလွန်နည်းပါတယ်။ မော်လ၀ီအာလင်မ်ဒီဂရီရဲ့ သင်ရိုးညွှန်းတမ်းမှာ သောင်ဟီးဒ်နဲ့ပတ်သက်ပြီး တစ်အုပ်ဘဲ ပါပါတယ်။ အဲ့ဒါကတော့ အကီဒဟ် အန်-နစဖီယဟ်လို့ခေါ်ပါတယ်။ အဲ့ဒီ စာအုပ်ကိုလည်း ပြီးအောင်သင်တဲ့ကျောင်းက တော်တော်လေးကို ရှားပါတယ်။ ပြီးအောင် ဖတ်ခဲ့ရတဲ့ ကျောင်းသားကလည်း အလွန့် အလွန်ကို ရှားပါတယ်။ တစ်ချိန်မှာ ကျွန်ုပ်တို့၏ အစ္စလာမ်ရဲ့ဦးစီးခေါင်းဆောင်တွေ ဖြစ်လာမဲ့ မော်လ၀ီဆပ်၊ မုဖ်သီဆပ်၊ ဟာဖီဇ်ဆပ်စတဲ့ အာလင်မ်ကြီးတွေဟာ သောင်ဟီးဒ်ပညာကို ကောင်းကောင်း မသင်ခဲ့ရတော့ သောင်ဟီးဒ်ပညာရပ်နဲ့ ပတ်သက်ပြီး တတ်ကျွမ်းမှုအလွန် အင်မတန်နည်းလှပါတယ်။ ကျွန်ုပ်တို့ အလွန် ၀မ်းနည်းရမယ့် ကိစ္စပါ။ သောင်ဟီးဒ်ပညာဟာ အစ္စလာမ်ရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ သောင်ဟီးဒ်မှန်မှ နှလုံးသားဟာ မှန်ကန်လာပါမယ်။ နှလုံးသား မှန်ကန်ပါမှ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများရဲ့ ကျင့်သုံးမှု၊ လုပ်ဆောင်မှုများဟာလဲ မှန်ကန်လာပါလိမ့်မယ်။ တမန်တော်မြတ်သခင် မိန့်တော်မူခဲ့ပါတယ်။ “အသင်တို့ သတိပြု၍ ဂရုတစိုက် နားဆင်ကြလော့။ ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိပေတယ်။ ယင်းအသားတုံးသည် ဖြောင့်မတ်မှန်ကန် ကောင်းမွန်ခဲ့ပါက ခန္ဓာကိုယ် တစ်ခုလုံးဟာလဲ ဖြောင့်မတ်မှန်ကန် ကောင်းမွန်လာလိမ့်မယ်။ ယင်းအသားတုံးဟာ ပျက်စီးခဲ့ပါက ခန္ဓာကိုယ်တစ်ခုလုံးဟာလဲ ပျက်စီးသွားပါလိမ့်မယ်။ ယင်းအသားတုံးကား တခြား မဟုတ်။ နှလုံးသားပင်တည်း။” (ဆွဟီးဟ် အလ်-ဗုခါရီကျမ်း၊ အီမာန်ကျမ်းငယ်၊ အခန်း -၃၉၊ ဟဒီးဆ်အမှတ်-၅၂၊ စာ-၈၃၊ အရဗီ-အင်္ဂလိပ်ဘာသာပြန်၊ ဒေါက်တာမုဟမ္မဒ်မုဟ်စင်န်ခါန်း၊ ၁၉၉၇၊ ဒါရုလ်အလ်-စလာမ်ပုံနှိပ်တိုက်၊ ရိယာဒ်မြို့တော်၊ ဆော်ဒီအရေဗီးယားနိုင်ငံ။)
ရစူလ်လုလ္လာဟ်သခင်ဟာ မှန်ကန်သော စကားကို ဆိုခဲ့တယ်။ အကြောင်းကား ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်၌ လူအများဟာ ယင်းအသားတုံး ချစားပျက်စီးမှုကြောင့် လောကကြီးဟာ ဖောက်ပြန်ပျက်စီးမှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ယင်းအသားတုံးကို ပြုပြင်ဖို့၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ဖို့အတွက် အိလ်မုလ်ဗာသွင်န် (အတွင်းပိုင်းဆိုင်ရာပညာရပ်)လိုပါတယ်။ အဲ့ဒီအတွင်းပိုင်း ဆိုင်ရာပညာရပ်မှာ အရေးအကြီးဆုံး၊ အခြေခံအကျဆုံး၊ ပထမဦးဆုံးစတင်ရမဲ့ ပညာရပ်ကတော့ အိလ်မ် အသ်-သောင်ဟီးဒ်ပဲ ဖြစ်ပါတယ်။ အိလ်မ် သောင်ဟီးဒ်ပြီးမှ အခြားပညာရပ်များဖြစ်တဲ့ အိလ်မ် အတ်ခ်လာခ် (ကိုယ့်ကျင့်တရားဆိုင်ရာပညာရပ်)၊ အိလ်မ် အသ်ဇကိယဟ် အန်-နူဖူးစ် (နလုံးသားသန့်စင်ခြင်းဆိုင်ရာပညာရပ်)၊ အိလ်မ် မန်သွိက် (ယုတ္တိဗေဒပညာရပ်)စတဲ့စတဲ့ပညာရပ်တွေကို တဆင့်ပြီး တစ်ဆင့် သင်ယူ လေ့လာကျင့်သုံးရမှာ ဖြစ်ပါတယ်။ အယူအဆတွေ၊ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ မှန်ကန် ဖြောင့်မတ် ခိုင်မာလာပါမှ အိလ်မ် အလ်-ကုရ်အာန် (ကုရ်အာန်ဆိုင်ရာ ပညာရပ်)၊ အိလ်မ် အလ်-ဟဒီးဆ် (ဟဒီးဆ်ဆိုင်ရာပညာရပ်)၊ အလ်-ဖိက်ဟ် (အစ္စလာမ့်ဥပဒေသိပ္ပံပညာဆိုင်ရာ ပညာရပ်)၊ အိလ်မ် ဖသ်ဝါ (ဓမ္မသတ်ဆိုင်ရာပညာရပ်)၊ အိလ်မ် အလ်-ဂျဒ်လ် (အခြေအတင်ဆွေးနွေးခြင်းဆိုင်ရာပညာရပ်) စတဲ့ စတဲ့ ပညာရပ်များကို ဆက်လက်၍ သင်ယူဆည်းပူးရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အိုလမာအစ္စလာမ့်ပညာရှင် ဆရာသခင်ကြီးများအနေနဲ့ မိမိတို့ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းကို ပြန်လည် ဆန်းစစ် ပြုပြင်ရန် အချိန်သင့်ယုံမက ကျော်ပင် ကျော်နေချေပေပြီ။ ကျွန်ုပ်အနေနှင့် အစ္စလာမ့်ပညာရပ်များကို သင်ကြားနေသည့် နည်းစနစ်အား ပြုပြင်ရန် ပြောဆိုခြင်း ဖြစ်ပါတယ်။ တစ်ချိန်က ကျွန်ုပ်တို့ ယနေ့ မျက်မှောက်ခေတ် ပညာရှင်များ သင်ယူဆည်းပူးခဲ့ရသည့် နေဇွာမီယဟ်သင်ရိုးညွှန်းတမ်းသည်ကား သူ့ခေတ်သူ့အခါက လူရည်ချွန်များ၊ လူတော်လူကောင်းများ၊ အာဇာနည်များ၊ အုပ်ချုပ်သူခေါင်းဆောင်များ၊ အဓိပတိပညာရှင်များ စတဲ့စတဲ့ အရည်အသွေးရှိပညာရှင်များကို မွေးထုတ်ပေးခဲ့ပါတယ်။ သို့သော် ယနေ့တွင်ကား ယင်းနေဇွာမီယဟ်သင်ရိုးညွှန်းတမ်းကြီးသည် ဟောင်းနွမ်းဆွေးမြေ့နေသော၊ ခေတ်မမှီ အသုံးမ၀င်တော့သော၊ ခေတ်နှင့်မလျှော်ညီမှုများရှိနေချေပြီ။ ကျွန်ုပ်တို့၏ အိုလမာအစ္စလာမ့်ပညာရှင်များအနေနှင့် အမြှော်အမြင်ကြီးကြီး၊ အမြင်ကျယ်ကျယ်ထား၍ အချိန်မှီ ပြုပြင်ကြစေလိုပါတယ်။ ရောဂါကျွမ်းမှ ဆေးကုသခြင်းသည်ကား အသိဥာဏ်အမြှော်အမြင်နှင့် ပြည့်စုံသောသူများ၏ လက္ခဏာမဟုတ်ဟု ကျွန်ုပ်အနေနှင့် ထင်မြင်ယူဆပါတယ်။
ကျွန်ုပ်တို့အနေနှင့် အစ္စလာမ့်ရွှေရောင်လွှမ်းသော ရှေးဦးခေတ်သုံးခေတ်သို့ ပြန်လှည့်ရန် အချိန်သင့်နေပြီ။ ထပ်၍ဆိုရပါလျှင် အချိန်သင့်ယုံမက အချိန်ပင် နောက်ကျနေချေပြီ။ အလ္လာဟ်အရှင်မြတ်ဟာ မိမိတို့ကိုယ်ကို မိမိတို့ မပြောင်းလဲ မပြုပြင်သမျှ၊ ပြောင်းလဲပေးတော်မူမည်မဟုတ်ဟု ကျမ်းမြတ်ကုရ်အာန်မှာ မိန့်တော်မူထားတယ် မဟုတ်ပါလော။
ယင်းကဲ့သို့ သောင်ဟီးဒ်ပညာရပ်နဲ့ အခြားအရေးတကာ့ အရေးအကြီးဆုံး ပညာရပ်များကို မသင်ယူရဘဲ ယင်းအာလင်မ်ကြီးတွေဟာ ကျောင်းတွေမှာ အများဆုံးလေ့လာဆည်းပူးခဲ့တဲ့ ဘာသာရပ်က ဓမ္မသတ်နဲ့ သက်ဆိုင်တဲ့ပညာရပ်ပါ။ ဥပမာ- ကျောင်းနေတဲ့ သက်တမ်းဟာ (၁၁)နှစ်ရှိတယ်ဆိုရင် (၇)နှစ်စာလောက်က ဓမ္မသတ်နဲ့ သက်ဆိုင်တာတွေဘဲ ဖတ်ခဲ့ရပါတယ်။ သောင်ဟီးဒ်ပညာကို မတတ်ကျွမ်းရင် နှလုံးသားဟာ မှန်ကန်နိုင်မှာ မဟုတ်ပါဘူး။ နှလုံးသားဟာ မမှန်ကန်ရင် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေဟာလည်း မှန်ကန်နိုင်မှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ ဥပမာတစ်ခု လောက်ပေးပါရစေ။ ဦးဖြူဟာ သောင်ဟီးဒ် မမှန်ကန်ဘူး။ သူ့ရဲ့ ယုံကြည်ချက်တွေ၊ ကျင့်သုံးမှုတွေဟာ သောင်ဟီးဒ်နဲ့ ဆန့်ကျင်နေတယ်။ သောင်ဟီးဒ်ရဲ့ ပညာလည်း မတတ်ကျွမ်းဘူး။ နားလည်း မလည်ဘူး။ သောင်ဟီးဒ်ဟာဘာလဲ။ အီမာန်ဆိုတာ ဘာလဲ သူမသိဘူး။ ဒါပေမယ့် သူဟာ မုတ်ဆိတ်လည်း ထားတယ်။ ဂျွတ်ဗ်ဗာကြီးလည်း ၀တ်တယ်။ ဆွလားဟ်ငါးကြိမ်လည်း ၀တ်ပြု ဆောက်တည်တယ်။ နောက်တစ်ယောက်ကတော့ ဦးနီ၊ သူကတော့ သောင်ဟီးဒ်တရား မှန်ကန်တယ်။ သူ့ယုံကြည်ချက်တွေ၊ ကျင့်သုံးမှုတွေဟာ သောင်ဟီးဒ်နဲ့ မဆန့်ကျင်ဘူး။ ကိုက်ညီတယ်။ သူဟာ သောင်ဟီးဒ်ရဲ့ ပညာကိုလည်း တတ်ကျွမ်းပါတယ်။ သောင်ဟီးဒ်ဆိုတာ ဘာလဲ။ အီမာန်ဆိုတာ ဘာလဲ။ သူကောင်းကောင်း နားလည်တယ်။ နားလည်တဲ့အတိုင်းလဲ လက်တွေ့အကောင်အထည်ဖော်ပါတယ်။ ဒါပေမယ့် သူဟာ မုတ်ဆိတ်မထားနိုင်သေးဘူး။ ဂျွတ်ဗ်ဗာကြီးလည်း မ၀တ်ဘူး။ အဲ့ဒီသူနှစ်ယောက် ဘယ်သူ သာမြတ်လိမ့်မယ်လို့ ထင်ပါသလဲ။ ယုံကြည်ချက်မမှန်ကန်တဲ့၊ သောင်ဟီးဒ်မမှန်ကန်တဲ့သူရဲ့ မည်မျှ ကောင်းမွန်တဲ့၊ ကြီးကျယ်တဲ့ အိဗာဒါဟ်ကိုမျှ အလ္လာဟ်အရှင်မြတ်ဟာ လက်ခံမှာ မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ဟာ သောင်ဟီးဒ် မှန်ကန်တဲ့သူရဲ့ မည်သည့် ပြစ်မှုကိုမဆို အရှင်မြတ်အလိုရှိပါက ခွင့်လွတ်ပါလိမ့်မယ်။ အင်ရှာ အလ္လာဟ် တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ အပြစ်ငရဲကနေ လွတ်မြောက်ပါလိမ့်မယ်။ သောင်ဟီးဒ်မမှန်ကန်တဲ့ လူကတော့ လွတ်မြောက်ဖို့လမ်းလုံးဝ မရှိပါ။ ကျမ်းမြတ်ကုရ်အာန်မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ရှရီက်ပြုလုပ်တဲ့သူများ (မုရှ်ရီးက်များ)ကို မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မှာမဟုတ်၊ အခြားသော ပြစ်မှုများကျူးလွန်သောသူများကိုမူကား အရှင်မြတ်ဟာ မိမိအလိုရှိတဲ့သူကို ခွင့်လွှတ်တော်မူမယ်လို့ မိန့်တော်မူထားသည် မဟုတ်ပါလော။ (မှီငြမ်း-ကျမ်းမြတ်ကုရ်အာန်၊ ၄း ၄၈)
ဒါကြောင့် ကျွန်ုပ်တို့အဖို့ သောင်ဟီးဒ်ရဲ့ ပညာရပ်တွေကို မဖြစ်မနေ လေ့လာ၊ ဆည်းပူး၊ သင်ယူရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်ကတော့ လဟ်ယာလို့ခေါ်တဲ့ မုတ်ဆိတ်ထားခြင်းဟာ ခိုင်လုံသော အထောက်အထားများအရ တမန်တော်မြတ်ရဲ့စွန္နာသ်တော်ဖြစ်ပါတယ်။ စွန္နာသ်တော်လှောင်ပြောင်ခြင်း၊ မနှစ်မြို့ခြင်းဟာ အီမာန်ပျက်ပြားစေသောအချက်တွေထဲက တစ်ချက်ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ ဒါနဲ့ ပတ်သက်ပြီး အင်ရှာအလ္လာဟ် နောက်ကြုံရင် ရေးသားပါ့မယ်။
ကျမ်းမြတ်ကုရ်အာန်၊ (၄၇း ၁၉) မှာလည်း သောင်ဟီးဒ်ရဲ့ပညာရပ်ကို လေ့လာဆည်းပူးဖို့ အလ္လာဟ်အရှင်မြတ်မှ မိန့်တော်မူထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ သောင်ဟီးဒ်ရဲ့ပညာရပ်ဟာ အရေးဘယ်လောက်ကြီးလဲဆိုတာ သိပြီးဖြစ်လို့လေ့လာ၊ ဆည်းပူး၊ သင်ယူကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ခေတ်သစ်ဘ၀တည်ဆောက်ရေး
ယခု ဆက်လက်တင်ပြမှာကတော့ ခေတ်သစ်ဘ၀တည်ဆောက်ရေး( Living In Modern Era) ဆိုတဲ့ကဏ္ဍပါဘဲ။ အားလုံးသိကြတဲ့အတိုင်းပါဘဲ ခေတ်သစ်လို့ခေါ်တဲ့ ဒီနေ့ ဒီအချိန်အခါမှာ ရုပ်ပိုင်းဘ၀ ဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ဒီနေ့ မလေးရှားရောက်နေတဲ့ မြန်မာတွေ အသိပါဘဲ။ အဲ့ဒီအခါမှာ တစ်ချို့က ဘာသာရေးကို အထင်သေး၊ အမြင်သေး ရှိလာကြ၊ ရှိနေကြပါတယ်။ ဒီအခါမှခေါင်းစဉ်တစ်ခု ဆွေးနွေးတင်ပြစရာ ရှိလာပါတယ်။ အဲ့ဒါက “ဘာသာရေးနဲ့ ခေတ်မီခြင်း”ပါဘဲ။ ကမ္ဘာ့လူ့အဖွဲ့အစည်းအသီးသီးရှိ၊ အတွေးအခေါ်သစ်များကို လက်ခံသွားကြသောသူများဟာ ဘာသာရေးကို ကျောခိုင်းသွားတတ်ကြပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဘာသာရေးဟာ ခေတ်သစ်ဘ၀ တည်ဆောက်မှုနှင့် သဟဇာတ မဖြစ်နိုင်လို့ ယူဆကြလို့ပါဘဲ။
သူတို့က ဘာသာတရား ကိုင်းရှိုင်းမှုဟာ ခေတ်သစ်ဘ၀တည်ဆောက်မှုကို နှောင့်နှေးစေခြင်း၊ တိုးတက်မှု ဆိတ်သုဉ်းစေခြင်း၊ မာကြောခက်ထန် လေးဖင့်ပြီး၊ ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ယူဆကြလို့ပါဘဲ။ ဒီနေ့ ခေတ်သစ်ယဉ်ကျေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ထိန်းနိုင်မဲ့အရာဟာ ကိုယ်ကျင့်တရားနဲ့ နာမ်ပိုင်းဆိုင်ရာစွမ်းအားသာ ဖြစ်ပါတယ်။ဒီနေရာမှာ ပေါ်ပေါက်လာမယ့် မေးခွန်းတစ်ခုကတော့ သင်ဟာ လူတွေကို ကိုယ်ကျင့်တရားနဲ့ နာမ်ပိုင်းဆိုင်ရာစွမ်းအားတွေရှိလာအောင်၊ ရလာအောင် မည်သို့ ပြုလုပ်မှာလဲ။ ဒီမေးခွန်းဟာ ဒီနေ့ လူ့အဖွဲ့အစည်းတိုင်း ကို လှုပ်ကိုင်နေတဲ့ မေးခွန်းပါဘဲ။ အဖြေကတော့ ရှင်းပါတယ်။ တစ်ခုတည်းသောအဖြေက ဘာသာရေးပါဘဲ။ ဒီအချက်ကို (၂၀) ရာစု ရုပ်ဝါဒီကြီးတစ်ဦးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ဂျဝါဟလာနေရူးက ပြောခဲ့တာပါ။
ယနေ့ ကျွန်ုပ်တို့ တွေ့ကြုံနေရတဲ့ မကောင်းမှု၊ ကံကြမ္မာဆိုးတွေအားလုံးရဲ့ ရေသောက်မြစ်၊ ဇစ်မြစ်ကတော့ အကျင့်သီလ ပျက်ယွင်းခြင်း ဖြစ်ပါတယ်။ ဘာသာတရားများ၏ ဥပဒေများကို လျှော့ပေါ့ ကျင့်သုံးလာကြတဲ့အတွက် လူသားများရဲ့ ကိုယ်ကျင့်တရားတွေ၊ နာမ်ပိုင်းဆိုင်ရာစွမ်းအင်တွေ လျှော့ပါးလာကြလို့ဆိုတာ ကျွန်ုပ်တို့ ငြင်းလို့မရပါဘူး။
လူသားနှင့် တိရိစ္ဆာန်ရဲ့ကွာခြားချက်
တိရိစ္ဆာန်များမှာ ဗီဇသဘာဝနဲ့ အသက်ရှင်နေပါတယ်။ လူသားမှာ ကျတော့ အကလ် (အသိဥာဏ်)၊ အာရုံငါးပါး ၊ ကလ်ဗ် (စိတ်နှလုံး)၊ ဆင်ခြင်တုံတရားနှင့် လွတ်လပ်သောဆန္ဒ၊ ရွေးချယ်ခြင်းများနဲ့ အသက်ရှင်နေပါတယ်။ ဒီလိုတွေးတော ဆင်ခြင် သုံးသပ်နိုင်တဲ့လူသားဟာ ဖန်ဆင်ခံအားလုံးရဲ့ သရဖူဖြစ်သလို ဒီစွမ်းအားတွေကြောင့် စာရိတ္တပျက်စီးခြင်း၊ ဖောက်ပြန်ခြင်း၊ မအောင်မြင်ခြင်း၊ ကျရှုံးခြင်းများလည်း ဖြစ်နိုင်၊ တဖက်မှာ အောင်မြင်ခြင်း၊ တိုးတက်ခြင်းတို့နှင့် ပြည့်စုံလှပတဲ့ဘ၀ကိုလည်း တည်ဆောက်နိုင်ပါတယ်။ ဒါဟာ လူသားမှာ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ ရူးဟ်ရဲ့စွမ်းအင်ကြောင့်ပါဘဲ။ လူသားမှာ စွမ်းရည်ရှိကြောင်းကို ကျမ်းမြတ်ကုရ်အာန်မှာ ကမ္ဘာမြေကြီးနှင့် တောင်တွေတောင် မယူရဲတဲ့ အမာနသ်ကို လူသားက ထမ်းဆောင်ကြောင်း၊ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာစကား ရှိပါတယ်။ ငုတ်မိသဲတိုင်၊ တက်နိုင် ဖျားရောက် ကောင်းကင်တမွတ် ကြယ်ကိုစွတ်သည်၊ မလွတ်စတမ်း ရမြဲလှမ်း၏။ လို့ ပြောထားပါတယ်။
အဲ့ဒီလို အစွမ်းထက်တဲ့ လူသားမှာ ကျရောက်တတ်တဲ့ ရောဂါဆိုးကြီးနှစ်ခုရှိပြန်ပါရော။ တစ်ခုကတော့ တစ်ယူသန်ခြင်းနှင့် အခြားတစ်ခုကတော့ မသိနားမလည်ခြင်းပါဘဲ။ တစ်ယူသန်ခြင်းက တိုးတက်မှုကို စိတ်သုဉ်းစေပြီး၊ မသိနားမလည်ခြင်းက ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းကို ဖြစ်စေတာပါဘဲ။
တစ်ယူသန်သူများ(လှေနံဓါးထစ်ဝါဒီများ)က အသစ်အဆန်းမကြိုက်၊ အဟောင်းကိုသာ ကောင်းတယ်ဟုထင်ကြပါသည်။ တိုးတက်မှုကို အကျင့်ပျက်ချစားမှု၊ ဖောက်ပြန်မှုလို့ မြင်နေကြတယ်။ ဘာသာရေးကို ခေတ်မမှီ အသုံးမ၀င်တော့သည့် ရှေးအယူအဆမပျက်အောင် ထိန်းသိမ်းထားသော ဓလေ့ထုံးစံတစ်ခုလို့မြင်လျှက် အခြားသူများကို သူတို့လိုဘဲမြင်အောင်၊ ယုံကြည်အောင် တိုက်တွန်းတတ်ကြတယ်။
နောက်တစ်စုက မသိနားမလည်သူများ။ ၎င်းတို့က ဖွံ့ဖြိုးတိုးတက်မှုဟူဟူသမျှကို အကောင်းလို့ထင်တတ်ပြီး၊ ခွဲခြား စီစစ်မှုမရှိဘဲ လိုက်လုပ်တတ်ကြတယ်။ ဆန်းသမျှ၊ သစ်သမျှကို အသိပညာ တိုးတက်ခြင်း၊ ယဉ်ကျေးမှုကြီးထွားခြင်းလို့ ထင်နေကြတယ်။ ဘာသာရေးကို တိုးတက်မှု ဆိတ်သုဉ်းစေသော၊ ဖင့်နှေးစေသောအရာလို့ မြင်နေကြ၊ ထင်နေကြပါတယ်။
အစ္စလာမ်က ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါတယ်။ မြတ်တမန်တော်မှ အွမ္မသ်သား တစ်ဦးချင်းကို မြေဆီလွှာအတွင်း မြှပ်နှံထားတဲ့သစ်စေ့နဲ့ ဥပမာပေးခဲ့ပါတယ်။ သစ်စေ့ဟာ ဖွံ့ဖြိုးတိုးတက်ပြီး၊ ရွက်စေ့၊ အညှောက်၊ အပင်ပေါက်၊ အပွင့်၊ အဖူး၊ အသီးများနှင့် ဝေဆာပြည့်ဖြိုးလာစေပါတယ်။ ထိုနည်းတူ မွတ်စလင်မ်များဟာလည်း အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်ရပါမယ်။ အစ္စလာမ်ဟာလည်း ဖွံ့ဖြိုးတိုးတက်ရမယ်။
တစ်ယူသန်ဝါဒီ (၀ါ) လှေနံဓါးထစ်ဝါဒီများ၏ ဓလေ့ဟောင်းများကို ဖက်တွယ်ထားခြင်းနှင့် အသိဥာဏ်တုံးခြင်းကြောင့် မသိနားမလည်သူများကို အစ္စလာမ်ဟာ ခေတ်မှီခြင်းနှင့် ဆန့်ကျင်ကြောင်း တင်ပြလေ့ရှိသည်။ ၎င်းတို့၏ ရလာဒ်ကား တီဗွီ၊ အင်တာနက်မသုံးရ၊ မကြည့်ရ။ ဓါတ်ပုံကို လိုအပ်လျှင်လည်း မရိုက်ရ။ အင်္ဂလိပ်စာ၊ မြန်မာစာမသင်ကြားရ— စသည်ဖြင့် အသစ်အဆန်းတိုင်းကို သံသယမျက်စေ့ဖြင့် ကြည့်တတ်လာပါတယ်။ လျစ်လျူရှုမှုနှင့် မသိနားမလည်မှု (သတင်း မှားများရရှိထားသော)သူများကတော့ အနောက်တိုင်းမှ လုပ်သမျှကို အကောင်းထင်ပြီး၊ အနောက်တိုင်းက ဆိုလျှင် အကုန်လိုက်တုတော့တာပါဘဲ။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာရောလိုက်တုတော့တာဘဲ။ ရှေးရိုးအစဉ်အလာ အပြုအမှုတွေထဲက မိမိတို့ရဲ့ မူလဇာတိကို ဖျောက်ပြီး၊ တရားမမှု၊ လူမှုဥပဒေတွေကို အနောက်တိုင်းနှင့် လိုက်ညှိယူပြီး ကျင့်သုံးလျှက်ရှိတယ်။ ၎င်းတို့ရဲ့ ရလာဒ်ကတော့ ဥပမာအနေနဲ့ပြောရရင် မွေးနေ့ကျင်းပခြင်း၊ ချစ်သူများနေ့ကျင်းပခြင်း၊ နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း၊ ၀တ်စားဆင်ယင်မှုများမှာ အစ္စလာမ်နှင့်ဆန့်ကျင်ဖက် အ၀တ်အစားများကို ၀တ်ဆင်လာခြင်း၊ အစ္စလာမ်နှင့် ဆန့်ကျင်သောယဉ်ကျေးမှုများကို ကျင့်သုံးလာကြပြီး တဖြည်းဖြည်း ပျက်စီးလာနေကြပါတယ်။
ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်၊ အမူအကျင့်၊ ဓလေ့စရိုက်တွေကို ကျမ်းမြတ်ကုရ်အာန်၊ ဟစ်က်မဟ်လို့ ခေါ်တဲ့ မြတ်တမန်တော်ရဲ့ စွန္နာဟ်တို့နဲ့ တိုင်းတာပြီး ယင်းကန့်သတ်ချက်ဘောင်ထဲမှာ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ရဲ့ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေဟာ လူလုပ်ဥပဒေများနဲ့ မတူပါဘူး။ အချိန်တိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်းအတွက် ကျင့်သုံးနိုင်သောဥပဒေများဖြစ်တယ်။ အချိန်နဲ့ကာလကို လွန်မြောက်ပြီး မှန်ကန်တဲ့အစ္စလာမ်ဖြစ်လို့ အသိဥာဏ်ရှိမယ်ဆိုလျှင် အစ္စလာမ်လောက် လှပသော၊ ပြည့်စုံသော၊ ချစ်စရာကောင်းသောတရားမရှိကြောင်း သိပါလိမ့်မယ်။
အထက်ပါအစွန်းတရားနှစ်ပါးကြောင့် အစ္စလာမ်အပေါ်မှာ ရပ်တည်မှုနည်းပါးသွားရတာတွေကို မြန်မာ့မွတ်စလင်မ် တွေရဲ့ ပြဿနာအချို့နဲ့ ဥပမာပေးတင်ပြသွားပါ့မယ်။
အထက်ပါအတိုင်းရောဂါဝေဒနာခံစားရတဲ့သူတွေထဲမှာ ၀င်လာတဲ့ရောဂါကြီးက အတွေးအခေါ်မှားယွင်းတဲ့အတွက် အီမာန်ယုံကြည်မှု အားနည်းလာပြီး၊ သောင်ဟီးဒ်ပေါ်ရပ်တည်နိုင်မှု အားနည်းလာခြင်းဖြစ်တယ်။ ၎င်းတို့ရဲ့ နိဂုံးကတော့ ကောင်းမှာမဟုတ်ပါဘူး။
ပထမဆုံးထင်ရှားတဲ့လက္ခဏာကတော့ အီမာန်အားနည်းလာခြင်းပါဘဲ။ အီမာန်အားနည်းလာပြီး အားလုံးကို ကြောက်နေခြင်းပါဘဲ။ အီမာန်အားကောင်းတဲ့သူကတော့ အလ္လာဟ်မှလွဲ၍ မည်သူ့ကိုမျှ မကြောက်ပါ။ အီမာန်အား နည်းတဲ့အတွက် ရဲရင့်မှု နည်းလာခြင်းပါဘဲ။
မြန်မာပြည်မှာရှိတဲ့အဖွဲ့အစည်းတွေကြားမှာဘဲဖြစ်ဖြစ်၊ လူတစ်ဦးချင်းကြားမှာဘဲဖြစ်ဖြစ်၊ ဟာဆတ်လို့ခေါ်တဲ့ မနာလိုဝန်တို မုန်းတီးမှု၊ အချင်းချင်း မညှာ၊ ဂုဏ်မပေးချင်ပါဘူး။ နှိမ့်ချလို၊ စော်ကားလို၊ စော်ချင်၊ နှင်ချင်ကြပါတယ်။ ပြီးတော့ အခြားဘာသာဝင်တွေ၊ အဖွဲ့အစည်းတွေကို လိုတာထက်ပိုပြီး အရိုအသေ ပေးတယ်။ ဒါဟာ အီမာန်အားနည်းလို့၊ တက္က၀ါတရား နည်းလို့ဖြစ်လာရတဲ့ ရလာဒ်တွေပါဘဲ။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက သောင်ဟီးဒ်လို့ခေါ်တဲ့ အလ္လာဟ်တစ်ပါးတည်းပေါ် နာခံဘ၀တည်ဆောက်ခြင်းဆိုင်ရာ ရပ်တည်မှုအားနည်းလာလို့ပါဘဲ။
မွတ်စလင်မ်များ၏အခြေအနေအကြောင်း တစ်စေ့တစ်စောင်း
မြန်မာလူ့အဖွဲ့အစည်းပတ်ဝန်းကျင်က Non – Believers တွေ ငြင်းပယ်ခံရမှကြောက်လို့ မိမိမွတ်စလင်မ်ဖြစ်ကြောင်း မထုတ်ဖော်ရဲပါဘူး။ မိမိရဲ့လက်ရှိစား၊ ၀တ်၊ နေရေးအတွက် ပညာတတ်၊ လူချမ်းသာမွတ်စလင်မ်အချို့ ပုတ်သင်ညို ဖြစ်နေကြရပါတယ်။ အဲ့ဒီလို သောင်ဟီးဒ်ပေါ်ရပ်တည်ချက်အားနည်းရင်၊ အီမာန်အားနည်းလာလျှင် လိုက်လာမယ့် အကျိုးဆက်တွေကိုအကျဉ်းချုံး တင်ပြပါ့မယ်။
အဖွဲ့အစည်းတွေမှာ သြဇာ၊ အာဏာမရှိနိုင်တော့ပါဘူး။ သြဇာ၊ အာဏာမက်တဲ့၊ မထိုက်တန်တဲ့လူတွေဟာ သြဇာ၊ အာဏာကို မရရတဲ့နည်းနဲ့ ကြံစည်ကြပါမယ်။ အဲ့ဒီတော့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာတွေဟာလည်း ကျဆင်း လာတော့ပါမယ်။ အွမ်မဟ်ရဲ့အပေါ်မှာ ဦးဆောင်နိုင်မှု (Leadership) ကျဆင်းလာမယ်။ ဒီလိုကျဆင်းလာတာဟာ ဦးဆောင်နေသူများရဲ့ အရည်အသွေး၊ အရည်အချင်း ကျဆင်းလာလို့ပါဘဲ။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ အနာဂတ် သားမြေးမွတ်စလင်မ်ပီသရေးကို ကျောက်သင်ပုန်းပေါ်မှာဘဲ မထားဘဲ မိမိတို့တတ်စွမ်းနိုင်သမျှ စွမ်းဆောင်ကြရမယ်။ အနာဂတ်မှာ အွမ်မသ်ရဲ့ခေါင်းဆောင်တွေဖြစ်လာမဲ့ မွတ်စလင်မ်လူငယ်တွေရဲ့ ပညာရေးကိုလည်း အထူးဂရုပြုရမယ်။ မွတ်စလင်မ်လူငယ်တွေကို နှစ်လမ်းသွားပညာရေးစနစ်နဲ့သင်ကြားနိုင်ငံအောင် အတတ်နိုင်ဆုံး ကြိုးစား ရုန်းကန်ကြရမယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာမွတ်စလင်မ်များနဲ့ ဦးဆောင်နိုင်မူဆိုတဲ့ခေါင်းစဉ်ကို အရှင်မြတ်အလိုတူပါလျှင် သီးခြားရေးသားပါအုံးမယ်။
ဦးဆောင်သော ခေါင်းဆောင်တွေဟာ အဖွဲ့အစည်းအတွက် အလွန် အရေးကြီးပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ မတည်မငြိမ်ဖြစ်နေရတဲ့ အကြောင်းအရင်းကတော့ မထိုက်တန်သောသူတွေဟာ မိမိနဲ့မထိုက်တန်တဲ့နေရာတွေကို ယူထားကြလို့ပါဘဲ။ ခေါင်းဆောင်နိုင်မှုစွမ်းအင် ကျဆင်းလာတဲ့အခါမှာ လူ့ဘောင်တစ်ခုလုံးရဲ့ ကဏ္ဍအသီးသီးဟာလည်း ကျဆင်းကုန်မှာဘဲ။ ဒါဟာ မျက်မှောက်ခေတ် မွတ်စလင်မ်များ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး — စတဲ့ ကဏ္ဍအသီးသီးမှာ ကျဆင်းနေရတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။
မွတ်စလင်မ်တစ်ဦးခြင်းမှာ ဖြစ်လာတဲ့အကျိုးဆက်တွေကတော့ သူတို့ရဲ့သောင်ဟီးဒ်ဟာ မမှန်တဲ့အတွက် မမှန်ကန်သော အတွေးအခေါ်တွေ ၀င်လာပါမယ်။ မမှန်ကန်သော အတွေးအခေါ်တွေကြောင့် စားခြင်း၊ သောက်ခြင်း၊ ၀တ်ဆင်ခြင်း၊ နေထိုင်ခြင်းစတဲ့ လူ့ဘ၀ရဲ့အခြေခံလုပ်ဆောင်ချက်တွေမှာတောင် အစ္စလာမ့်နည်း မကျတော့ပါဘူး။ ဟလာလ်နဲ့ ဟရာမ်ကို မခွဲခြားတော့ဘူး။ ၀တ်ဆင်ရာမှာလည်း အရှက်မရှိတော့ဘူး။ အူရ်ဒူလို ပြောရရင် ဗေရှရမ် ၊ ဗေဟယာ(အရှက်မဲ့ခြင်း)တွေ များလာမယ်။ နေထိုင်ရာမှာလည်း အစ္စလာမ့်လူနေမှုစနစ်နဲ့ မညီတော့ဘူး။ လူမူရေးလို့ခေါ်တဲ့ social တွေထဲက အိမ်ထောင်ပြုခြင်းမှာလည်း ကြုံရာလူနဲ့ အိမ်ထောင်ပြု၊ မုစ်လင်မ် မဟုတ်တဟုတ်နဲ့ ဇာတ်သိမ်းရတဲ့သူတွေ ယနေ့မြန်မာမွတ်စလင်မ်လောကမှာ၊ မိသားစု တွေမှာ အများကြီး ရှိနေပါပြီ။
ဒီလူတွေဟာ နောက်ဆုံးဘ၀တစ်ခုလုံး ဆုံးရှုံးသွားပြီး၊ ကိုးကွယ်ရာအရှင်ပျောက်နေသောသူများ၊ ကိုကွယ်ရာအရှင် ပျောက်နေခြင်းကို ရှာနေသောသူများ၊ ကိုးကွယ်ရာအရှင်ကို ဆုံးရှုံးသွားသောသူများဘ၀ရောက်သွားခဲ့ပါတယ်။ ကျွန်ုပ်တို့အားလုံးအား အလ္လာဟ်အရှင်မြတ်သည် ယင်းသို့သောအဖြစ်ဆိုးများမှ သက်တမ်းတလျှောက်လုံး ကယ်တင် တော်မူပါစေသော်။
ဒါဟာသောင်ဟီးဒ်အပေါ်မှာ ရပ်တည်မှုအားနည်းတာနဲ့ တွေ့ကြုံနိုင်တဲ့ ပြဿနာကို အဖွဲ့အစည်းအနေအထား၊ လူတစ်ဦးချင်းအနေအထားနဲ့ တင်ပြသွားတာပါ။ ဆုံးရှုံးနစ်နာတဲ့ အတိုင်းအတာချင်းမတူပေမဲ့ ဆုံးရှုံးကြ၊ နစ်နာကြရ တာတော့ အတူတူပါဘဲ။ အင်ရှာအလ’ာဟ် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းကို ဒီလိုမျိုးဆက်မဖြစ်အောင်၊ ဒီနေ့တွေ့ကြုံ နေရတဲ့ ညီအကို မောင်နှမများအားလုံး ကြိုးပမ်းအားထုတ်ကြပါစို့။
နောက်ထပ်ပေးမဲ့ဥပမာကတော့ ၊ ကျွန်ုပ်တို့လာရောက်နေထိုင်ကြတဲ့ မလေးရှားနိုင်ငံရဲ့ ဥပမာပါဘဲ။ ဒီနေ့ ဒီနေရာမှာ စုစည်းနေတဲ့သူတွေဟာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ မလေးရှားဟာ အစ္စလာမ်နိုင်ငံ တစ်ခုဖြစ်တဲ့အတွက် လာရောက်အခြေချကြတဲ့သူတွေပါဘဲ။ ဒီနိုင်ငံမှာ နေရင်းနဲ့ လူတိုင်းသတိထားမိတဲ့အချက် တစ်ခုကတော့ မလေးရှားဟာ အစ္စလာမ်နိုင်ငံဖြစ်ပေမယ့် လုံခြုံမှုလို့ခေါ်တဲ့ (security) မရှိပါဘူး။ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်တွေအတွက် အာမခံချက် မရှိပါဘူး။ လူတိုင်း သတိထားမိကြမှာပါ။ ဒါကြောင့် ဘာကြောင့်ဖြစ်နေတာလဲ ဆိုတာ စဉ်းစားမိကြရဲ့လားခင်ဗျာ။ စဉ်းစားမိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးပြကြမှာပေါ့။ နိုင်ငံခြားသားတွေ အရမ်းများနေလို့၊ လူမျိုးတွေ စုံနေလို့၊ ရဲကမနိုင်လို့၊ ဂိုဏ်းစတားတွေများနေလို့ ——- စတဲ့ အကြောင်းပြချက်တွေပေါ့။ ကျွန်ုပ်တို့အနေနှင့် ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် အစ္စလာမ်တိုင်းပြည်မှာ မွတ်စလင်မ်အစိုးရ အုပ်ချုပ်နေပြီး ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ အစ္စလာမ်ရဲ့ ဥပဒေကို အပြည့်အ၀ လိုက်နာ ကျင့်သုံးခြင်းမရှိလို့ပါဘဲ။ အစ္စလာမ်ရဲ့ လမ်းညွှန်ချက်တွေထဲက လိုတာကိုယူ၊ မလိုတာကိုဖယ် လျစ်လျူရှု ထားပါတယ်။ ဒါဟာ သောင်ဟီးဒ် အလ်-အူလူဟီးယားနဲ့ဆန့်ကျင်နေသကဲ့သို့ ကျမ်းမြတ်ကုရ်အာန်နဲ့လည်း ဆန့်ကျင်နေပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်ဟာ မွတ်စလင်မ်များကို အစ္စလာမ်အတွင်းသို့ ကိုယ်ရော စိတ်ပါ လုံးလုံးလျားလျားဝင်ရောက်ဖို့ အမိန့်ပေးထားပါတယ်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ
“အို-ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသော မုအ်မင်န်အပေါင်းတို့၊ အသင်တို့သည် အစ္စလာမ် သာသနာအတွင်းသို့ လုံးလုံးလျားလျား (စိတ်ရော ကိုယ်ပါ) ၀င်ကြကုန်လော့၊ ၎င်းင်းပြင် ရှိုင်သွာန်၏ နောက်သို့ ဖ၀ါးခြေထပ် မလိုက်ကြ ကုန်လင့်၊ ထိုရှိုင်သွာန်သည် မုချ သင်တို့အဘို့ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။” (ကျမ်းမြတ်ကုရ်အာန်၊ ၂း ၂၀၈)
အထက်ဖော်ပြပါအာယသ်တော်အရ ကျွန်ုပ်တို့ဟာ အစ္စလာမ်ရဲ့ အချို့အမိန့်တွေကို လိုက်နာပြီး၊ အချို့အမိန့်များကို မလိုက်နာခြင်းဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ ဆန့်ကျင်ကြောင်း ထင်ထင်ရှားရှား သိနိုင်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ငြင်းပယ်ရာလည်း ရောက်ပါတယ်။ အစ္စလာမ်နိုင်ငံမှာ အစ္စလာမ့်ဥပဒေနဲ့ မအုပ်ချုပ်ဘဲ အခြား လူလုပ်ဥပဒေများဖြင့် အုပ်ချုပ်ခြင်းဟာလည်း သောင်ဟီးဒ်နဲ့ ဆန့်ကျင်ပါတယ်။ အလ္လာဟ်နှင့် အလ္လာဟ့်ရစူလ်အမိန့်၊ ဥပဒေထက် အခြားသူများ အမိန့်၊ ဥပဒေများဟာ ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ခြင်းသောသူဟာ ကျမ်းမြတ်ကုရ်အာန်အရ ကာဖိရ် ဖြစ်သွားပါလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန်နဲ့ ဆန့်ကျင်နေတဲ့အတွက် ရလာဒ်ကတော့ မွတ်စလင်မ် မပီသသော၊ နိုင်ငံသားမွတ်စလင်မ်များကို မွေးထုတ်မိခြင်းပါဘဲ။
ရာဇ၀တ်မှုမထိန်းနိုင်၊ လာဘ်စားမှု၊ ဖောက်ပြန်မှုတွေများနေပါတယ်။ ရဲက လူဖမ်း၊ ငွေညှစ်။ အိမ်နီးချင်းက ခိုး။ သူငယ်ချင်းက လူသတ်၊ မုဒိမ်းကျင့်တယ်။ အစ္စလာမ်ရဲ့ အနှစ်သာရပျောက်သွားပြီး သာမာန် မွတ်စလင်မ် မဟုတ်သော အစိုးရ (Non-Islamic Government) တွေလုပ်နိုင်တဲ့ အာဏာလောက်တောင် မရှိသယောင် ဖြစ်သွားပါတယ်။ စာတွေ ဖတ်တတ်တိုင်း၊ ခေတ်ပညာတွေတတ်တိုင်း၊ နည်းပညာတွေမြင့်မားလာတိုင်း ကိုယ်ကျင့်တရား ကောင်းလာတာမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ကို ချစ်ကြောက်ရိုသေခန့်ညားပြီးသကာလ အရှင်မြတ် တားမြစ်ထားသောအရာများမှ ရှောင်ကြဉ်ပြီး၊ အရှင်မြတ်မိန့်တော်မူထားသော အမိန့်တော်များလိုက်နာ ကျင့်ကြံအားထုတ်၍ လူ့ဘ၀တစ်ခုတည်ဆောက်မှသာ အကောင်းဆုံးသောကိုယ်ကျင့်တရားကို ရမှာပါ။ ဒါဟာ သင်ခန်းစာယူရမယ့်အချက်ဖြစ်တယ်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ တိုက်တွန်းချင်တာကတော့ မိမိရဲ့ကြုံလာသမျှ အခက်အခဲတွေကို အစွန်းတရား နှစ်ပါးဖြစ်တဲ့ တစ်ယူသန်ခြင်းနှင့် မသိနားမလည်ခြင်းတည်းဟူသော ရောဂါဆိုးများမှ ရှောင်ကြဉ်ပြီး၊ ကျွန်ုပ်တို့ရဲ့ တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ မြတ်တမန်တော်မုဟမ္မဒ်ရဲ့ စွန္နာဟ်အတိုင်း မိမိတို့၏ဘ၀များကို တည်ဆောက်ကြပါစို့။
ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးကြသောပုဂ္ဂိုလ်များကို အထူး ကျေးဇူးတင်ပါ တယ်။ အထူးသဖြင့် ဒီအခမ်းအနားကို ကမကထပြုပြီး ကျင်းပပေးတဲ့ မြန်မာမွတ်စလင်မ်လူငယ်များကူညီရေး အသင်း၊ ပီနန်မြို့၊ မလေးရှားနိုင်ငံရဲ့ ဥက္ကဌနဲ့ ကော်မတီဝင်များကိုလည်း အထူး ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။
အို .. အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ယင်းပုဂ္ဂိုလ်များတကွ၊ ကျွန်တော်မျိုးတို့အားလုံးကို မှန်ကန်သော သောင်ဟီးဒ်တရား၏လမ်းစဉ်ပေါ်တွင် သေဆုံးသည့်တိုင်အောင်ထားတော်မူပါ။ မွတ်စလင်မ်များအဖြစ် သေဆုံးစေတော်မူပါ။ နှစ်ဘ၀နှစ်ဌာနတွင် ကောင်းမြတ်လှသည့်အစား ချီးမြှင့်ပေးသနားတော်မူပါ။ အာမီးန်။
စီစဉ်တင်ပြ ဟောကြားသူ
ဆရာမကြီးဒေါက်တာလှလှဝင်း
အမျိုးသမီးနှင့် လေယာဉ်မယ်အလုပ်
February 11, 2010ဆူဂျသ်။ ။အစ္စလာမ်သာသနာဝင် အမျိုးသမီးတစ်ယောက်သည် လေယာဉ်မယ် လုပ်နိုင်ပါသလား။ ဤအလုပ်သည် ၀င်ငွေမြင့်မား၍ လုပ်သင့်လုပ်ထိုက်သောအလုပ်တစ်ခု မဟုတ်ပါလော။

ဒေါက်တာဇာကိရ်နိုက်(ခ်)။ ။ ဤအလုပ်သည် အလွန် ၀င်ငွေမြင့်မားသည် ဆိုသောအချက်ကိုမူ ကျွန်ုပ်သဘောတူပါသည်။ သို့သော် ဒုတိယအပိုင်းကိုကား ခွဲခြမ်း စိတ်ဖြာ လေ့လာကြည့်ကြပါစို့။ လေယာဉ်မယ်အဖြစ် ရွေးချယ်ရာတွင် ပုံမှန်စံနှုန်းတစ်ခုမှာ “ချောမောလှပခြင်း” ပင်တည်း။ အသင်သည် ရုပ်ဆိုးသော လေယာဉ်မယ်တစ်ဦးကို မည်သည့်အခါမျှ တွေ့ရလိမ့်မည်မဟုတ်။ ယင်းလေယာဉ်မယ်များသည် ငယ်ရွယ်ပြီး စွဲဆောင်မှုအပြည့်ရှိသောကြောင့် ၎င်းတို့အား “လေယာဉ်မယ်”အဖြစ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်မယ်များ ၀တ်ဆင်သည့် အ၀တ်အစား မှာ အစ္စလာမ့်ကျင့်ဝတ် (သို့) အစ္စလာမ့် ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သည်။
၎င်းတို့သည် လေယာဉ်စီးခရီးသည်များအား ဆွဲဆောင်ရန်အတွက် အလှပြင်ပစ္စည်းများကို ချယ်မှုန်းကြသည်။ လေယာဉ်မယ်များသည် ယောက်ျားများ၏ လိုအပ်ချက်များကိုသာ အဓိကထား၍ ဖြည့်ဆည်းလိုဟန်တူပေသည်။ ဤသို့ဖြင့် အမျိုးသားနှင့် အမျိုးသမီးကြားတွင် နီးကပ် ထိစပ်မှု ဖြစ်လာသည်။ အကြိမ်မြောက်များစွာ၌ လေယာဉ်စီးခရီးသည် ယောက်ျားများသည် လေယာဉ်မယ်များနှင့် လိုအပ်မှုမရှိဘဲ စကားအပြန်အလှန် ပြောဆိုလိုကြသည်။ အကယ်၍ လေယာဉ်မယ်မှ ၎င်းတို့ကို အထိုက်အလျောက် လိုက်လျောညီထွေ ပြန်လည်ပြောဆိုလိုသော်လည်း သူမအနေနှင့် မပြောဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အလုပ်မှာ အတိမ်းအစောင်း မခံချေ။
များသောအားဖြင့် ခရီးသည်က ပြောလိမ့်မည်ဟု “ဒီမှာ အမျိုးသမီး ကျွန်ုပ်ရဲ့ ထိုင်ခုံခါးပတ်ကို ပတ်ပေးစမ်းပါ။” လေယာဉ်မယ်၌ ရွေးချယ်ရန် မည်သည့် အခွင့်အလမ်းမှမရှိသောကြောင့် သူမအနေနှင့် ထိုင်ခုံခါးပတ်ကို ပတ်ပေးရလိမ့်မည်။ မည်သို့ ဖြစ်သွားပေမည်နည်း။ ဆန့်ကျင်ဘက်လိင် နှစ်ယောက်ကြားတွင် အလွန်နီးစပ်သွားပေမည်။ လေကြောင်းလိုင်း မြောက်များစွာသည် အရက်နှင့် ဧည့်ခံကြသည်။ အစ္စလာမ်မှ မည်သည့်အမျိုးသား (သို့)အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမဆို အရက်နှင့်ဧည့်ခံခြင်းအား တားမြစ်ထားသည်။ လေယာဉ်မယ်များအားလုံး သည် အမျိုးသမီးများ ဖြစ်ကြသည်။ လေယာဉ်အတွင်း၌ အမျိုးသားလေယာဉ် အရာရှိများပါရှိသည်။ သို့သော် သူတို့သည် လေယာဉ်စီး ခရီးသည်များအား စွဲဆောင်နိုင်ခြင်း အမျိုးသမီးများလောက် မရှိသောကြောင့် သူတို့သည် မီးဖိုချောင်အတွင်း၌ ရှိနေကြသည်။
ထို့ပြင် ကျွန်ုပ်မှပြောသည်ကို ယုံကြည်သည်ဆိုလျှင် လေကြောင်းလိုင်းတစ်ခုသည် အမျိုးသမီး လေယာဉ်လုပ်သား မရှိဘဲနှင့် မရပ်တည်နိုင်ချေ။ ဆော်ဒီ လေကြောင်းလိုင်းတစ်ခုရှိသည်ဆိုလျှင် လေယာဉ်ခရီးသည်များအား ဆွဲဆောင်နိုင်ရန် အမျိုးသမီးလေယာဉ်မယ်များ ထားရှိရပေမည်။ ထို့အပြင် အသင်သည် လေကြောင်းလိုင်းများ၏ ဥပဒေကို အသေအချာသိမည်ဆိုလျှင် အထိတ်အလန့်ဖြစ်သွားပေမည်။ ဥပမာ Air India ကဲ့သို့သော အိန္ဒိယအချို့လေကြောင်းလိုင်းများ ၎င်းတို့၏ ဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ အကယ်၍ အသင်သည် (လေယာဉ်မယ်အဖြစ်) အရွေးချယ် ခံရပြီးနောက် (၄)နှစ်တိုင်တိုင် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ပေ။ အချို့ လေကြောင်းလိုင်းများက အသင့်အား ပြောမည်မှာ အကယ်၍ အသင်၌ ကိုယ်ဝန်ရှိ နေသည်ဆိုလျှင် အသင်၏ အလုပ်သည် အဆုံးသတ်သွားပေမည်။
စာရှုသူ စဉ်းစားကြည့်ပါ။ အချို့လေကြောင်းလိုင်းများက ပြောမည်မှာ အသင်သည် အသက် (၃၅)နှစ်တွင် ပင်စင်ယူရပေမည်။ အဘယ်ကြောင့်နည်းဟုဆိုသော် အသင် သည် ဆွဲဆောင်မှုကို ရေရှည်မပြုနိုင်သောကြောင့်ပင်။ အသင့်အနေနှင့် ယင်း (လေယာဉ်မယ်)အလုပ်ကို သင့်တော်လျောက်ပတ်သော၊ လုပ်သင့်လုပ်ထိုက်သော အလုပ်ဟု ခေါ်ဆိုမည်လော။




